ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ အစီအစဉ်တွေကို ရပ်တန်းကရပ်ဖို့ တောင်ကိုရီးယား စစ်ဘက်က မြောက်ကိုရီးယားကို သတိပေး ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး သူလျှိုဂြိုဟ်တုကို လွှတ်တင်နိုင်ဖို့ နှစ်ကြိမ်တိုင် အားထုတ်ခဲ့ပြီး နှစ်ကြိမ်လုံး အထမမြောက်ခဲ့ဘဲ ချွတ်ယွင်းမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကတော့ သူ့ရဲ့ အစီအစဉ်ကို လက်လျှော့ဦးမှာ မဟုတ်ဘဲ အောင်မြင်တဲ့ထိ ဆက်ကြိုးစားနေမယ်လို့ ကြုံးဝါးထားပါတယ်။
မြောက်ကိုရီးယားဟာ တတိယ အကြိမ်မြောက် ဂြိုဟ်တု လွှတ်တင်ဖို့ အားထုတ်မှုကို ကြံစည်နေတယ်လို့ ယုံကြည်ရပြီး မူလက ကြေညာထားတဲ့ အောက်တိုဘာလမှာ လက်တွေ့ မလွှတ်တင်ဖြစ်ခဲ့ပါဘူး။ လေ့လာသူတွေကတော့ အဲဒီလို နှောင့်နှေးရတာဟာ ရုရှားဆီက အာကာသ စူးစမ်းရေး နည်းပညာသစ်တွေ လက်ခံ ရရှိလာတာကို ပေါင်းစပ်ဖို့ စောင့်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
အဲဒီယူဆချက်သာ တကယ်ပဲ မှန်ကန်တယ်ဆိုရင် မြောက်ကိုရီးယားရဲ့ တတိယအကြိမ် ဂြိုဟ်တု လွှတ်တင်ဖို့ အားထုတ်မှုဟာ လက်တွေ့ အောင်မြင်ဖို့ ပိုနီးစပ်သွားမယ့် သဘောပါပဲ။ ရုရှားဟာ မြောက်ကိုရီးယားထက် ဂြိုဟ်တု နည်းပညာပိုင်းမှာ ဆယ်စုနှစ်တွေနဲ့ချီ ရှေ့ရောက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်ပါ။
တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်မှုဟာ တောင်ကိုရီးယားအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ယူဆထားပြီး ပြည်သူတွေရဲ့ အသက်တွေနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ စီမံ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောပါတယ်။ မြောက်ကိုရီးယားဟာ အတန်တန် သတိပေးနေလျက်နဲ့ ဂြိုဟ်တု လွှတ်တင်ဖို့ ဆက်ပြီး အားထည့်မယ်ဆိုရင် ဖြစ်လာမယ့် အလားအလာတွေ မကောင်းနိုင်ဘူးလို့လည်း အဲဒီ အရာရှိက ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်ပိုင်ခွင့်ကို တားမြစ် ကန့်သတ်ထားပါတယ်။ အကြောင်းကတော့ ဒုံးကျည်နည်းပညာ စမ်းသပ်မှုတွေကို ဂြိုဟ်တု လွှတ်တင်သလို ပုံဖျက်ထားတာမျိုး လုပ်လာနိုင်လို့ပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်လိုမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ သူ့နိုင်ငံဟာ ကိုယ့်အချုပ်အခြာကိုယ် ကာကွယ်ဖို့ ဂြိုဟ်တု လွှတ်တင်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။