Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်ကမ္ဘာကို ရန်လိုတဲ့ နိုင်ငံတွေကို လက်နက် ထောက်ပံ့ဖို့ စဉ်းစားနေကြောင်း ပူတင်ခြိမ်းခြောက်

ဂျာမန်လုပ် ဒုံးကျည်တွေက ရုရှား ပိုင်နက်ထဲက ပစ်မှတ်တွေကို ထိခိုက်လာလေလေ၊ ရုရှား-ဂျာမနီ ဆက်ဆံရေး ပျက်စီးလေလေ ဖြစ်လိမ့်မယ်လို့ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။

အနောက်ကမ္ဘာကို ရန်လိုတဲ့ နိုင်ငံတွေကို လက်နက် ထောက်ပံ့ဖို့ စဉ်းစားနေကြောင်း ပူတင်ခြိမ်းခြောက်
အနောက်ကမ္ဘာကို ရန်လိုတဲ့ နိုင်ငံတွေကို လက်နက် ထောက်ပံ့ဖို့ စဉ်းစားနေကြောင်း ပူတင်ခြိမ်းခြောက်

အနောက်နိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်ချင်တဲ့ နိုင်ငံတွေကို စစ်လက်နက်တွေ ထောက်ပံ့ဖို့ ရုရှားက စဉ်းစားလာနိုင်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို ရုရှား ပိုင်နက်ထဲက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုခွင့်အတွက် မီးစိမ်း ပြလာတဲ့အပေါ် ပူတင်က အခုလို မကျေမချမ်း တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပူတင်က အနောက်နိုင်ငံ တချို့ဟာ ရုရှားပိုင်နက်ထဲထိ ကီလိုမီတာ ရာနဲ့ချီ တာဝေးပစ်ခတ်နိုင်တဲ့ စစ်လက်နက်တချို့ ယူကရိန်းကို အသုံးပြုခွင့် ပေးခဲ့တဲ့ အတွက်လည်း NATO စစ်မဟာမိတ် အဖွဲ့ကို ဝေဖန်သွားပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံ တချို့ရဲ့ အခုဆုံးဖြတ်ချက်ဟာ ပြဿနာ အကြီးကြီးတွေကို ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပူတင်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ တစ်ယောက်ယောက်က အဲဒီ စစ်လက်နက်တွေကို စစ်ပွဲဆီ ပေးပို့ပြီး ရုရှားပိုင်နက်ထဲကို တိုက်ခိုက်ဖို့၊ ရုရှားကို ပြဿနာရှာဖို့ အဆင်ပြေတယ်လို့ ယူဆထားရင် ရုရှားကလည်း အဲဒီလို မြှောက်ပင့်ပေးတဲ့ နိုင်ငံတွေရဲ့ ထိလွယ်ရှလွယ်ရှိတဲ့ စစ်ရေး အဆောက်အအုံတွေကို တိုက်ခိုက်ချင်တဲ့ တခြားနိုင်ငံတွေဆီ လက်နက်တွေ မထောက်ပံ့နိုင်စရာ ဘာအကြောင်း ရှိမလဲဆိုပြီး ပူတင်က မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါဟာ ကြောင်းကျိုးဆီလျော်ပြီး စနစ်ကျတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်လိမ့်မယ်လို့လည်း ပူတင်က ဆိုတယ်။ ဒါပေမဲ့ ရုရှားဟာ ဘယ်နိုင်ငံတွေဆီ လက်နက်ထောက်ပံ့မလဲ ဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။

ယူကရိန်းအတွက် စစ်လက်နက် အသုံးပြုခွင့် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တဲ့ အနောက်နိုင်ငံတွေထဲမှာ ပူတင်က ဂျာမနီကို မြင်သာတဲ့ ဥပမာအဖြစ် ရည်ညွှန်းသွားခဲ့ပါတယ်။ ဂျာမနီ အစိုးရဟာ မကြာသေးခင်က ဂျာမန်လုပ် တာဝေးပစ် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲထိ တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို ခွင့်ပြုပေးခဲ့ပါတယ်။

ဂျာမန်လုပ် ဒုံးကျည်တွေက ရုရှား ပိုင်နက်ထဲက ပစ်မှတ်တွေကို ထိခိုက်လာလေလေ၊ ရုရှား-ဂျာမနီ ဆက်ဆံရေး ပျက်စီးလေလေ ဖြစ်လိမ့်မယ်လို့ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်ကလည်း ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ တိုက်ခိုက်ခွင့်အတွက် ခွင့်ပြုထားပေမယ့် လက်ရှိ ရုရှားက ဖိအားပေး ထိုးစစ်ဆင်နေရာ ခါကစ်ဗ်ပြည်နယ် တဝိုက်က ရုရှား နယ်နိမိတ် ထဲမှာသာ အသုံးပြုရမယ်လို့ ကန့်သတ်ထားဆဲပါ။

ယူကရိန်း နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်နဲ့ ကီလိုမီတာ ၃၀ လောက်သာ ကွာဝေးတဲ့ ခါကစ်ဗ် တဝိုက်မှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ရုရှားတပ်တွေက တဖြည်းဖြည်းချင်း ရှေ့တိုးလာနေတဲ့အတွက် စစ်လက်နက် အထောက်အပံ့တွေ ပိုမို ပေးပို့ ကူညီကြဖို့ ယူကရိန်းက အနောက်မဟာမိတ် နိုင်ငံတွေကို ဆော်ဩ တောင်းဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။