အချင်းချင်း မှားယွင်းပစ်ချမိတာကြောင့် အမေရိကန် တိုက်လေယာဉ်တစ်စီး ပင်လယ်နီ ရေပြင်ထက်မှာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ရေတပ်ရဲ့ F/A-18 တိုက်လေယာဉ်ဟာ ကိုယ့်လူကိုယ် ပြန်ပစ်မိတဲ့ friendly fire အခြေအနေနဲ့ ကြုံခဲ့တာဖြစ်ကြောင်း၊ လေယာဉ်မှူး နှစ်ဦးစလုံး ဘေးကင်းကင်းနဲ့ ခုန်ထွက်နိုင်ခဲ့ပြီး တစ်ယောက်ကတော့ ဒဏ်ရာ အနည်းအကျဉ်း ရခဲ့ကြောင်း အမေရိကန် စစ်တပ်ရဲ့ ဗဟိုစစ်ရေး ကွပ်ကဲမှုဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယီမင်နိုင်ငံမှာ အခြေစိုက်ပြီး အီရန်က အားပေးထောက်ခံနေတဲ့ ဟိုသီ လက်နက်ကိုင် တပ်တွေရဲ့ စစ်ရေးပစ်မှတ် တစ်ခုကို အမေရိကန်က တိုက်ခိုက်ခဲ့ချိန်မှာ အဲဒီ ရှုပ်ထွေးမှု ပေါ်ပေါက်ခဲ့တာပါ။ အမေရိကန်ဟာ ယီမင်ရဲ့ မြို့တော် ဆာနားနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ ဟိုသီ ဒုံးကျည်သိုလှောင်ရုံ တစ်ခုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဟိုသီတွေဟာ ဆာနားမြို့တော်ကို ထိန်းချုပ်ထားပါတယ်။
အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှု ဌာနက ဟိုသီတွေ ပစ်ခတ်ခဲ့တဲ့ ဖောက်ခွဲရေး ဒရုန်းတွေနဲ့ သင်္ဘောဖျက် ဒုံးကျည် တချို့ကိုလည်း လေထဲမှာ ကြားဖြတ် ပစ်ချခဲ့သေးတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေမှာ F/A-18ကိုပါ ရောထွေးပြီး ပစ်ချမိခဲ့တာပါ။
အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ မြေထဲပင်လယ်ထဲမှာ ရှိနေတဲ့ ပဲ့ထိန်း ဒုံးကျည်တပ် ခရူဇာ စစ်သင်္ဘော USS Gettysburgဟာ USS Harry S Truman လေယာဉ်တင် သင်္ဘောနားမှာ ပျံသန်းနေတဲ့ တိုက်လေယာဉ်ကို မှားယွင်း ပစ်ချမိခဲ့ကြောင်း သိရပါတယ်။ အဲဒီ ရေယာဉ် နှစ်စီးစလုံးဟာ တူညီတဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ် တစ်ခုထဲမှာ ပါဝင်နေပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းတုန်းက အချင်းချင်း မှားပစ်မိလို့ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ယီမင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေထဲမှာ ပါဝင်ပတ်သက်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ စစ်ဆင်ရေး လုပ်ဆောင်ရာမှာ F/A-18 တိုက်လေယာဉ်တွေ အပါအဝင် အမေရိကန် ရေတပ်ရဲ့ စစ်လက်နက်တွေကို အသုံးပြုခဲ့တယ်လို့တော့ ကြေညာထားပါတယ်။
Super Hornetတွေလို့ ခေါ်ဝေါ်လေ့ရှိတဲ့ F/A-18တွေဟာ အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောအခြေစိုက် မဟာဗျူဟာ တိုက်လေယာဉ်တွေဖြစ်ပြီး တစ်ယောက်စီးနဲ့ နှစ်ယောက်စီး မူကွဲတွေ ထုတ်လုပ်ထားပါတယ်။ အခုအခါမှာတော့ အမေရိကန် ရေတပ်ဟာ နည်းပညာပိုင်း ပိုမိုမြင့်မားပြီး ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်ထားတဲ့ F-35 တိုက်လေယာဉ်တွေကို F/A-18တွေ နေရာမှာ စတင် အစားထိုးနေပြီ ဖြစ်ပါတယ်။
ကိုးကား: CNN