ဖမ်းဆီးခံထားရသူ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ စုံထောက်အရာရှိတွေဆီက မေးခွန်းတွေကို ဖြေဆိုသွားမှာ မဟုတ်ဘူးလို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့တုန်းက နာရီပိုင်းသာ ခံခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့အတွက် အခုသီတင်းပတ်ထဲမှာ ယွန်ကို အမှုစစ် အရာရှိတွေက သမ္မတ အိမ်တော်ထဲမှာ ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အာဏာလက်ရှိ သမ္မတတစ်ဦး ပထမဆုံးအကြိမ် ဖမ်းဆီး ခံရမှု ဖြစ်ပါတယ်။
ယွန်ဟာ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရတဲ့နောက် လတ်တလောမှာ ရာထူးကနေ ဆိုင်းငံ့ခံထားရပါတယ်။ ဒါပေမဲ့ သူဟာ နိုင်ငံရဲ့ တရားဝင် သမ္မတ ဖြစ်နေသေးတာကြောင့် သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားရတာက အာဏာပိုင်တွေ အတွက်လည်း အရမ်း ဝန်ထုပ်ဝန်ပိုး ကြီးမားပါတယ်။
ဒါ့အပြင် ယွန်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းရေး အရာရှိတွေ မေးမြန်းသမျှကို လုံးဝ မဖြေဘဲ နှုတ်ဆိတ်နေတာကြောင့်လည်း တာဝန်ရှိသူတွေ အခက်တွေ့နေပါတယ်။ ယွန်ရဲ့ ရှေ့နေတွေက ဇန်နဝါရီ ၁၇ ရက်နေ့မှာလည်း စုံစမ်းမေးမြန်းမှု တစ်ခု ထပ်လုပ်မှာ ဖြစ်တဲ့တိုင် ယွန်က ဘာကိုမှ ဖြေမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Public Service Announcement
ဒီတော့ ယွန်ကို ဖမ်းဝရမ်းထုတ်ပြီး ရမန် ချုပ်ရက်နဲ့ ထိန်းသိမ်းထားတဲ့ ကိစ္စမှာ ပြဿနာတွေ ရှိလာပါတယ်။ သတ်မှတ်ထားတဲ့ ချုပ်ရက်စေ့ရင် သမ္မတကို ပြန်လွှတ်မလား၊ သက်တမ်း ထပ်တိုးရမလား ဆိုတာက ဥပဒေကြောင်းနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ရှုပ်ထွေးမှုတွေ ကြီးကြီးမားမား ရှိနေပါတယ်။
တကယ်လို့ ယွန်ကို မေးမြန်းမှုတွေ ရှေ့ခရီးမရောက်ဘဲ ဆက်လက် ကြန့်ကြာနေမယ်ဆိုရင် စုံစမ်းရေး အရာရှိတွေဟာ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထိန်းသိမ်းထားခွင့် ဝရမ်းကို နောက်ထပ် ရက် ၂၀ ထိ ထပ်တိုးပေးဖို့ တရားရုံးကို ဦးတိုက် လျှောက်ထားဖွယ် ရှိတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ယွန်ဟာ အဲဒီမတိုင်ခင် တစ်ရက်က အခြေခံ ဥပဒေ ခုံရုံးက အမှုစစ်ဖို့ ဆင့်ခေါ်တာကိုလည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီ ခုံရုံးဟာ ယွန်ကို သမ္မတ ရာထူးကနေ ထုတ်ပယ်ဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးဖို့ တာဝန်ယူထားရပါတယ်။
အစောပိုင်းမှာ ယွန်ရဲ့ ရှေ့နေတွေက သမ္မတကို ဖမ်းဆီးခြင်းဟာ ဥပဒေကြောင်းအရ ဘောင်ကျော်နေတယ်လို့ ကန့်ကွက်ခဲ့ပေမယ့် ဆိုးလ်ဗဟိုခရိုင် တရားရုံးက ပယ်ချပြီး သမ္မတကို ဖမ်းဆီးထားခြင်းက တရားဝင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဖမ်းဆီးထိန်းသိမ်း ခံထားရချိန် တလျှောက်လုံးမှာ ယွန်ဟာ သူ့ကို စစ်ဆေးမေးမြန်းမှု မှန်သမျှကို ပြန်ဖြေဖို့ ငြင်းဆန်ပြီး တုံဏှိဘာဝေပဲ နေခဲ့တယ်လို့လည်း သိရပါတယ်။ ကနဦး သတ်မှတ်ထားတဲ့ ချုပ်နှောင်ခွင့် ရမန်ကာလဟာ ၄၈ နာရီပဲ သက်တမ်းရှိတာကြောင့် နောက်ထပ် ရက် ၂၀ ရမန်သက်တမ်းတိုးရေးကို ဇန်နဝါရီ ၁၇ ရက်နေ့အမီ လျှောက်ထားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
ကိုးကား: CNA
