သမ္မတ ယွန်ဆွတ်ခ်ယောကို ဖမ်းဆီး ထိန်းသိမ်းထားခွင့် ရမန်ကာလကို တိုးမြှင့်ပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက ခွင့်ပြုပေးလိုက်ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ်ကို ကြေညာခဲ့တဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး ယွန်ဟာ တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ ပထမဆုံး အဖမ်းခံရတဲ့ လက်ရှိ အာဏာရ သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယွန်ကို ဖမ်းဆီးထားတဲ့ အမှုစစ် အရာရှိတွေက သက်တမ်း ၆ နာရီကျော်ပဲ ကြာမြင့်ပြီး ရုပ်သိမ်းခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနဲ့ ပတ်သက်ပြီး သမ္မတကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေပေမယ့် သမ္မတကတော့ ဘာထွက်ဆိုချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ယွန်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပေမယ့် ထိန်းသိမ်းခွင့် ရမန်ကာလက အကန့်အသတ် ရှိနေပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ အမှုစစ် အရာရှိတွေက ယွန်ကို ပြန်လွှတ်ပေးလိုက်ရင် သက်သေ အထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရမန်ကာလ တိုးမြှင့်ဖို့ လျှောက်ထားမှုကို ဆိုးလ်မြို့တော် တရားရုံး တစ်ခုက လက်ခံ ခွင့်ပြုပြီး နောက်ထပ် ချုပ်နှောင်ခွင့် သက်တမ်း ရက် ၂၀ တိုးပေးခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၄ နှစ်အရွယ် ယွန်ဟာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ တရားဝင် စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရတာကြောင့် လောလောဆယ်မှာ ရာထူး တာဝန်ကနေ ဆိုင်းငံ့ခြင်း ခံထားရပါတယ်။ သူ့ကို ရာထူးကနေ အပြီးတိုင် ဖယ်ရှားဖို့ သင့်မသင့် ဆိုတာကိုတော့ တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက ရက်ပေါင်း ၁၈၀ အတွင်း အဆုံးအဖြတ် ပေးရမှာပါ။

Public Service Announcement
ယွန်ကို ချုပ်နှောင်ထားမယ့် ကာလကို သက်တမ်းတိုးလိုက်ကြောင်း ကြားသိတဲ့နောက် ယွန်ကို အားပေး ထောက်ခံသူ တချို့က တရားရုံးရဲ့ ပြတင်းပေါက်တွေ၊ တံခါးတွေကို ချိုးဖျက် ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါ့အပြင် တရားရုံးဆီ ယွန်ကို ခေါ်ဆောင်လာတဲ့ ရဲကားကို ယွန်ရဲ့ အမာခံ ထောက်ခံသူ တချို့က ကြားဖြတ် ဟန့်တားဖို့ အားထုတ်တာမျိုးတွေလည်း ရှိခဲ့ပါသေးတယ်။ အဲဒီ လုပ်ရပ်တွေကို တောင်ကိုရီးယားရဲ့ ယာယီ သမ္မတ ချွိုင်ဆန်မော့ခ်ရော၊ ယွန်ကပါ ရှုတ်ချကြောင်း ပြောကြားထားပါတယ်။
ယွန်ဟာ အမှုစစ် အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုတွေကို ပူးပေါင်းဖို့ အစဉ်တစိုက် ငြင်းဆန်နေဆဲဖြစ်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။
ယွန်ကို စုံစမ်း မေးမြန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဆင့်မြင့် အရာရှိများ အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO)က ဦးစီး တာဝန်ယူနေတာပါ။ ယွန်ရဲ့ ရှေ့နေ ယွန်ဂပ်ကွမ်ကတော့ သမ္မတဟာ CIOရဲ့ စုံစမ်းစစ်ဆေး မေးမြန်းမှုတွေကို ဖြေကြားဖို့ ငြင်းဆိုဦးမှာ ဖြစ်တယ်လို့ ရမန်ကာလ ရက် ၂၀ သက်တမ်းတိုးပြီးချိန်မှာ ယွန်ဟပ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လွှတ်တော်ကို အတိုက်အခံ အင်အားစုတွေက ထိန်းချုပ်ထားပြီး အစိုးရရဲ့ အစီအမံ မှန်သမျှကို အနှောင့်အယှက်ပေး ဆန့်ကျင်နေတဲ့နောက် ယွန်က လွှတ်တော် နိုင်ငံရေးကို ဖျက်သိမ်းစေပြီး စစ်အုပ်ချုပ်ရေး အမိန့် ကြေညာဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက ဆန့်ကျင်ခဲ့သလို လွှတ်တော် အမတ်တွေ လူစုပြီး သမ္မတ အမိန့်ကို မဲခွဲ ပယ်ချခဲ့တာကြောင့် ၆ နာရီကျော် အကြာမှာပဲ စစ်အုပ်ချုပ်ရေး ကြေညာအမိန့် ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး တောင်ကိုရီးယားဟာ ဆယ်စုနှစ် အတော်များများအတွင်း အဆိုးဆုံး နိုင်ငံရေး အရှုပ်အထွေးတွေကို ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။
ကိုးကား: BBC
