ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး အသုံးပြုခဲ့တဲ့ စီးတော်ယာဉ် မော်တော်ကား တစ်စီးဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာရှိတဲ့ ကလေးငယ်တွေအတွက် ရွေ့လျား ဆေးခန်းတစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်တုန်းက အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ ဘာသာရေး အထွဋ်အမြတ် နယ်မြေတွေကို ခရီးလှည့်လည် သွားလာခဲ့ချိန်မှာ ပုပ်ရဟန်းမင်းကြီး လိုက်ပါ စီးနင်းခဲ့တဲ့ မော်တော်ယာဉ်ကို ဂါဇာ ကလေးငယ်တွေအတွက် ဆေးခန်းအဖြစ် ပြောင်းလဲစေတာဟာ ပုပ်ရဟန်းမင်းကြီးရဲ့ နောက်ဆုံးဆန္ဒတွေထဲက တစ်ခုဖြစ်တယ်လို့ ဗာတီကန် နန်းတော်က ကြေညာပါတယ်။
ပုပ်ရဟန်းမင်းကြီးတွေ နိုင်ငံတကာကို ကြွချီတဲ့အခါ လုံခြုံရေးအတွက် အထူးစီမံထားတဲ့ ယာဉ်တွေကို အသုံးပြုလေ့ရှိပြီး popemobileတွေလို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။ ဂါဇာမှာ သုံးခဲ့တဲ့ popemobileကိုတော့ ရောဂါရှာဖွေရေး ကိရိယာတွေ၊ အရေးပေါ် အသက်ကယ် ကုသရေး အထောက်အပံ့တွေ တပ်ဆင်ပြီး ဂါဇာ ကလေးငယ်တွေအတွက် ပေးပို့ လှူဒါန်းသွားမယ်လို့ ဗာတီကန်က ထုတ်ပြန်ထားပါတယ်။
အဲဒီ popemobile ရွေ့လျားဆေးခန်းဟာ စစ်ဒဏ်ခံ ဂါဇာကမ်းမြှောင်ဒေသရဲ့ ပါလက်စတိုင်း ကလေးငယ်တွေကို ထိရောက်တဲ့ အကူအညီမျိုး ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆွီဒင်နိုင်ငံ အခြေစိုက် Caritas Sweden အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ပီတာ ဘရွန်းက ပြောပါတယ်။ သူ့ရဲ့ အဖွဲ့အစည်းဟာ popemobileကို ရွေ့လျားဆေးခန်းအဖြစ် ပြောင်းလဲမှု ပရောဂျက်ကို ထဲထဲဝင်ဝင် အကူအညီ ပေးနေပါတယ်။

Public Service Announcement
ဂါဇာရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်နေတဲ့ အခြေအနေမှာ ဒီအစီအစဉ်ဟာ အရမ်း တန်ဖိုးရှိပြီး အသက်တွေကို ကယ်တင်လာနိုင်မှာ ဖြစ်တယ်လို့ ဘရွမ်းက မှတ်ချက်ပေးသွားပါတယ်။
ဒါဟာ ကားတစ်စီးမျှသာ မဟုတ်ဘဲ ဂါဇာက ကလေးငယ်တွေကို ကမ္ဘာကြီးက မေ့မထားဘူးဆိုတဲ့ သတင်းစကား တစ်ခုလည်း ဖြစ်လာမယ်လို့ သူက ပြောကြားသွားပါတယ်။
၂၀၁၄ တုန်းက ပါလက်စတိုင်းနဲ့ အစ္စရေးမှာ ခရီးလှည့်လည် သွားလာခဲ့ချိန် အသုံးပြုခဲ့တဲ့ popemobileဟာ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ကို ပြန်လာတဲ့အချိန် အရှေ့အလယ်ပိုင်း ဒေသမှာပဲ ကျန်နေခဲ့ပါတယ်။
ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ရာထူးကို ၂၀၁၃ ခုနှစ် ကတည်းက တာဝန်ယူ ထမ်းဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ သက်တော် ၈၈ နှစ်အရွယ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းအသစ် ရွေးချယ် တင်မြှောက်ရေးအတွက် သီးသန့်ဆွေးနွေးမှု အစီအစဉ်တွေကိုတော့ မေလ ၇ ရက်နေ့မှာ စတင်သွားမယ်လို့ သိရပါတယ်။
ကိုးကား: Reuters
