Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-ယူကရိန်း စစ်ရပ်ဆိုင်းရေး ဆွေးနွေးမှု အဆင်မပြေ၊ စစ်သုံ့ပန်း ၁၀၀၀ စီ လွှတ်ပေးဖို့ သဘောတူ

ယူကရိန်းနဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့တွေ တူရကီ နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရမှာ စစ်ရပ်စဲရေး သဘောတူညီမှုမျိုး မရခဲ့သေးပေမယ့် စစ်သုံ့ပန်း အများအပြားကို အပြန်အလှန် လဲလှယ်ကြဖို့ လက်ခံခဲ့ကြပါတယ်။

ယူကရိန်းနဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့တွေ တူရကီ နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရမှာ စစ်ရပ်စဲရေး သဘောတူညီမှုမျိုး မရခဲ့သေးပေမယ့် စစ်သုံ့ပန်း အများအပြားကို အပြန်အလှန် လဲလှယ်ကြဖို့ လက်ခံခဲ့ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေမှာ သွေးမြေအကျဆုံး စစ်ပွဲကြီး ၃ နှစ်ကျော် ကြာမြင့်လာပြီးတဲ့နောက် ဒါဟာ သံတမန်ရေးအရ သေးငယ်တဲ့ ခြေလှမ်းတစ်ခု အစပြုမှုလည်း ဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့က အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကိုယ်တိုင် မတက်ရောက်ဘဲ သမ္မတ အကြံပေးနဲ့ ဒုတိယ ဝန်ကြီးတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ခဲ့ချိန် ကတည်းက အဲဒီ တွေ့ဆုံမှုမှာ ကြီးမားတဲ့ ရလဒ်တစ်ခုခု ထွက်မလာနိုင်ဘူးလို့ ယူကရိန်းနဲ့ အမေရိကန် အစိုးရကတွေ ယူဆထားခဲ့ကြပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ပွဲ အစပြုခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ် ပြန်လည် စကားပြောဖြစ်ကြတာပါ။ အစ္စတန်ဘူလ်မြို့ရဲ့ ဘော့စ်ဖိုရပ်စ် ကမ်းခြေမှာရှိတဲ့ အော့တိုမန် အင်ပါယာခေတ် ရဲတိုက်ကြီး တစ်ခုမှာ နှစ်ဖက် တွေ့ဆုံခဲ့ကြကြောင်း တူရကီ အစိုးရက ထုတ်ပြန်ပါတယ်။

အဲဒီ ဆွေးနွေးပွဲ ဖြစ်မြောက်စေဖို့ကို တူရကီနဲ့ အမေရိကန် အစိုးရတွေက ကမကထပြုပြီး တိုက်တွန်းခဲ့ကြတာပါ။ ဆွေးနွေးပွဲမှာ နှစ်ဖက်ကြား လက်ဆွဲနှုတ်ဆက်တာမျိုး မရှိခဲ့သလို ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ရဲ့ ထက်ဝက်လောက်ဟာ ပြောက်ကျား စစ်ဝတ်စုံတွေ ဝတ်ထားခဲ့ကြပါတယ်။ ဒါဟာ ယူကရိန်း နိုင်ငံဟာ စစ်ပြုတိုက်ခိုက်ခြင်း ခံနေရဆဲ ဆိုတာကို ပြသတဲ့ သင်္ကေတ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဟက်ကန် ဖီဒန်က နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့ကို ရွေးစရာ လမ်းနှစ်သွယ် ရှိကြောင်း၊ တစ်ခုက ငြိမ်းချမ်းရေးဖြစ်ပြီး နောက်တစ်ခုက ပိုမိုများပြားတဲ့ သေကြေပျက်စီးမှုတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲဟာ ၂ နာရီ မပြည့်ခင် ပြီးဆုံးခဲ့ပြီး နှစ်ဖက်ကြားက ကြီးကြီးမားမား သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ရုရှားဖက်က အသစ်ထပ်တိုးထားတဲ့၊ လက်ခံနိုင်စရာ မရှိတဲ့ တောင်းဆိုမှုတွေ အဆိုပြုခဲ့ကြောင်း ယူကရိန်း အရာရှိ တစ်ယောက်က ပြောပါတယ်။ အဲဒီထဲမှာ ယူကရိန်း တပ်တွေဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရနိုင်ဖို့အတွက် ကိုယ့်နိုင်ငံ ပိုင်နက်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ အစိတ်အပိုင်းကနေ ဆုတ်ခွာပေးရမယ် ဆိုတာမျိုးတွေ ပါရှိကြောင်း သိရပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း ဆွေးနွေးပွဲဟာ အပစ်ရပ် သဘောတူညီမှု ဖြစ်မြောက်ရေးအတွက် ထင်သာမြင်သာ တိုးတက်မှု မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကာလအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၀၀၀ စီကို အသီးသီး ပြန်လွှတ်ပေးဖို့ နှစ်နိုင်ငံ စလုံးက သဘောတူခဲ့ကြပါတယ်။ ခက်ခဲတဲ့ တစ်နေ့တာရဲ့ အဆုံးမှာတော့ အတော်ကောင်းမွန်တဲ့ ပုံစံတစ်ခုနဲ့ အဆုံးသတ်ခဲ့တယ်လို့ ပြောရမှာဖြစ်ကြောင်း ယူကရိန်းရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဆာဟာရ် ကစ်လစ္စယာက ပြောပါတယ်။ မိသားစုပေါင်း ၁၀၀၀ လောက်အတွက် ဒါဟာ အကောင်းဆုံး သတင်းတစ်ခု ဖြစ်နိုင်တယ်လို့ သူက ဆိုတယ်။

သုံ့ပန်းတွေ လဲလှယ်မှုဟာ မကြာခင်မှာ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ရူစတမ် အူမာရော့ဗ်က ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ အရင်က သုံ့ပန်းချင်း လဲခဲ့ကြဖူးပေမယ့် အခုလောက်တော့ အရေအတွက် မများပါဘူး။

အူမာနော့ဗ်က နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေရဲ့ နောက်တစ်ဆင့်မှာ သမ္မတချင်း တွေ့ဆုံတာမျိုး ဖြစ်သင့်ကြောင်း ပြောပါတယ်။ ယူကရိန်းဖက်က အဲဒီ တောင်းဆိုမှုကို မှတ်သားထားပါ့မယ်လို့ ရုရှား ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ သမ္မတ အကြံပေး ဗလာဒီမာ မီဒင်စကီးက တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။ မီဒင်စကီးက ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ရုရှားဖက်က ကျေနပ်ကြောင်း၊ နောက်ထပ် ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ထားကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကြား တိုက်ရိုက် စကားမပြောမချင်း ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စက ခရီးရောက်နိုင်ခြေ မရှိဘူးလို့ မှတ်ချက်ပေးထားပါတယ်။ ရုရှားဖက်ကလည်း အမေရိကန်နဲ့ စကားပြောသင့်ကြောင်း အတည်ပြုခဲ့ပေမယ့် ထိပ်သီး ဆွေးနွေးပွဲတစ်ခု ဖြစ်မြောက်ဖို့ ဆိုတာက အချိန်လိုတယ်လို့ ဆိုပါတယ်။ ပူတင်နဲ့ ထရမ့်တို့ တွေ့ဆုံဖြစ်မလား၊ ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ဖြစ်မလဲ ဆိုတာတွေက ဘာမှ မသေချာသေးဘဲ တကယ်လို့ တွေ့ဆုံဖြစ်ရင်လည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဖိတ်ကြားဖွယ် မရှိဘူးလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။