Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်း ဆွေးနွေးမှုတွေ ချက်ချင်း စတင်ကြလိမ့်မယ်လို့ ထရမ့်ကြေညာ

စစ်ပွဲ ရပ်ဆိုင်းနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ဟာ ဆွေးနွေးမှုတွေ ချက်ချင်း စတင်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

AP

စစ်ပွဲ ရပ်ဆိုင်းနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ဟာ ဆွေးနွေးမှုတွေ ချက်ချင်း စတင်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့တုန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ၂ နာရီကြာ ဖုန်းဆက် ဆွေးနွေးခဲ့ပြီးတဲ့နောက် ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthကနေတဆင့် အဲဒီလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က သူနဲ့ ပူတင်ကြား ဆွေးနွေးမှုတွေဟာ အရမ်း ကောင်းမွန်ခဲ့တယ်လို့ မှတ်ချက် ပေးထားခဲ့ပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေး ရယူဖို့နဲ့ ပတ်သက်လို့ လိုအပ်တဲ့ အခြေအနေတွေကိုတော့ ရုရှားနဲ့ ယူကရိန်းကြား ဆက်လက် ဆွေးနွေးဖို့ လိုတယ်လို့ ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့လည်း သီးခြား ဖုန်းပြောခဲ့ပါသေးတယ်။ စစ်ရပ်ဆိုင်းရေးနဲ့ ပတ်သက်လို့ ထရမ့်ဆီက အကောင်းမြင် မှတ်ချက်စကား ထွက်ပေါ်လာပေမယ့် လောလောဆယ်မှာတော့ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခုခု ရနိုင်မယ့် ထင်ရှားမြင်သာတဲ့ အလားအလာမျိုးတော့ မတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

ပူတင်က သူဟာ အနာဂတ် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခု ဖြစ်ပေါ်လာနိုင်ခြေတွေအတွက် ယူကရိန်းနဲ့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလုပ်ဆောင်သွားဖို့ အသင့်ရှိနေပြီလို့ ပြောပါတယ်။ ဇီလန်စကီးကတော့ လက်ရှိ အခြေအနေဟာ အဆုံးအဖြတ် ကာလတစ်ခုလို့ ရည်ညွှန်းခဲ့ပြီး ဆွေးနွေးပွဲတွေနဲ့ ခပ်ကင်းကင်း မနေဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားကိုရော၊ ယူကရိန်းကိုပါ အပြင်းအထန် ဖိအားပေးနေပါတယ်။ ယူကရိန်း စစ်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းစေမယ် ဆိုတာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို အရေးပါတဲ့ မဲဆွယ်ကတိ တစ်ခုလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား ဆွေးနွေးမှုတွေ ချက်ချင်းစမယ်လို့ ထရမ့်က ပြောထားပေမယ့် ဘယ်နေရာမှာ ဆွေးနွေးပွဲတွေ လုပ်ကြမလဲ ဆိုတာကိုတောင် မဆုံးဖြတ်နိုင်သေးပါဘူး။ ထရမ့်ကတော့ သူ့ကိုယ်ပိုင် သဘောထားအဖြစ် မကြာသေးခင်ကမှ အသစ်တင်မြှောက်ထားတဲ့ ပုပ်ရဟန်းမင်းကြီးက ကြီးမှူးပြီး ဗာတီကန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖြစ်အောင် စီမံပေးစေလိုတယ်လို့ ပြောဆိုထားပါတယ်။

ထရမ့်နဲ့ တစ်ဦးချင်း ဖုန်းပြောပြီးတဲ့နောက် ယူကရိန်း သမ္မတ ဇီလန်စကီးက သူ့နိုင်ငံဟာလည်း အပြည့်အဝ၊ ခြွင်းချက်မရှိ စစ်ပွဲရပ်ဆိုင်းရေးကို လိုလားကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားဖက်က အဲဒီကိစ္စကို အဆင်သင့် မဖြစ်သေးဘူး ဆိုရင်တော့ ပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေ ကျင့်သုံးသင့်ကြောင်း အမေရိကန်ကို ဇီလန်စကီးက တိုက်တွန်းထားပါတယ်။

Truthမှာတော့ ထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ဟာ အပစ်အခတ် ရပ်စဲရေးအတွက် ချက်ချင်း စတင် ဆွေးနွေး ညှိနှိုင်းကြတော့မှာ ဖြစ်ကြောင်း၊ ပိုအရေးကြီးတဲ့ အချက်က အဲဒီ ဆွေးနွေးမှုတွေဟာ စစ်ပွဲကို ရပ်ဆိုင်းဖို့ထိ ရည်ရွယ်ကြောင်း ရေးသားထားခဲ့ပါတယ်။

ထရမ့်က ဆွေးနွေးမှုတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကိုတော့ သက်ဆိုင်ရာ နှစ်နိုင်ငံ ညှိကြရမှာ ဖြစ်ကြောင်း၊ ညှိနှိုင်းမှုနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းလောက် တခြားဘယ်နိုင်ငံကမှလည်း အသေးစိတ် ထဲထဲဝင်ဝင် သိနားလည်နိုင်ကြမှာ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။

ဇီလန်စကီးကတော့ ရုရှား-ယူကရိန်း တွေ့ဆုံကြတဲ့အခါ အမေရိကန်နဲ့ ဥရောပ သမဂ္ဂရဲ့ ကိုယ်စားလှယ်တွေဟာ သင့်တင့်လျှောက်ပတ်တဲ့ အဆင့်မျိုးထိ ကူညီပါဝင်ပေးဖို့ တောင်းဆိုထားပါတယ်။ ထရမ့်ကတော့ အမေရိကန်ဟာ အဲဒီ ဆွေးနွေးမှုတွေကနေ ဖယ်ခွာသွားဦးမှာ မဟုတ်ဘူးလို့ ပြောပေမယ့် သူ့ခေါင်းထဲမှာ တွေးထားတဲ့ အခြေအနေ အတိုင်းအတာ တစ်ခုထိ နှောင့်နှေးမှုတွေ ရှိနေတယ် ဆိုရင်တော့ ဆက်ညှိပေးတော့မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက အိမ်နီးချင်း နိုင်ငံကို အင်အား အလုံးအရင်းနဲ့ ကျူးကျော်ခဲ့ရာက စစ်ပွဲကြီး စတင်ခဲ့တာပါ။ စစ်ကာလအတွင်း ရုရှားဟာ အပစ်အခတ် ရပ်စဲမှု ကာလတချို့ ကြေညာဖူးပေမယ့် ရက်အနည်းငယ်သာ ဖြစ်ခဲ့ပြီး စစ်ပွဲကို ရပ်ဆိုင်းနိုင်မယ့် အခြေအနေ၊ အလားအလာတွေကတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။