သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အတိအလင်း ပြဿနာ တက်နေတဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က အမေရိကန်မှာ ပါတီသစ် ထောင်မယ်လို့ ကြုံးဝါးထားတဲ့အပေါ် တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေက ထောက်ခံ အားပေးနေကြပါတယ်။
မတ်စ်ခ်ဟာ ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ်တစ်ဦး ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီအတွက် ဒေါ်လာ သန်း ၃၀၀ လောက် ရန်ပုံငွေ ထောက်ပံ့လှူဒါန်းထားခဲ့သူပါ။ ပြီးတော့ အစောပိုင်းတုန်းက မတ်စ်ခ်ဟာ ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲမှာလည်း ပါဝင် အလုပ်လုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ထရမ့်က အငြင်းပွားစရာ အသုံးစရိတ်နဲ့ အခွန်ဥပဒေ မူကြမ်းကို လွှတ်တော်မှာ တင်သွင်းခဲ့ရာကစလို့ သူတို့နှစ်ဦးကြား လူသိရှင်ကြား အကွဲအပြဲ ဖြစ်လာခဲ့ပါတယ်။ ထရမ့်က အဲဒီ အခွန်မူကြမ်းကို လှပခမ်းနားတဲ့ အဆိုပြုချက် တစ်ခုလို့ သိဒ္ဓိတင်ထားပေမယ့် မတ်စ်ခ်ကတော့ စက်ဆုပ်စရာ မူမမှန်တဲ့ ကိစ္စမျိုးလို့ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူတို့နှစ်ဦးကြား လူမှုကွန်ရက်မှာ ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်တွေ အပြိုင်ရေးသားခဲ့ပြီး ဆက်ဆံရေး ပြိုကွဲခဲ့ပါတယ်။
အဲဒီနောက် မတ်စ်ခ်က တကယ်လို့သာ ရီပတ်ဘလစ်ကန်တွေက ထရမ့်ရဲ့ အဓိပ္ပါယ်ကင်းမဲ့လှတဲ့ အသုံးစရိတ်ဥပဒေ မူကြမ်းကို ဥပဒေအဖြစ် အသက်ဝင်လာမယ့် အခြေအနေကနေ မတားဆီးဘဲ ဝိုင်းထောက်ခံကြမယ်ဆိုရင် သူဟာ ကိုယ်တိုင်ကိုယ်ကျ နိုင်ငံရေး ပါတီသစ် ထူထောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် လူသိများတဲ့ မတ်စ်ခ်က ရူးနှမ်းလွန်းတဲ့ ဘတ်ဂျတ်မူကြမ်းကို မတားဆီးနိုင်ရင် ရီပတ်ဘလစ်ကန်တွေကို သူက ဆက်ပြီး ထောက်ခံတော့မှာ မဟုတ်ဘူးလို့လည်း ပြောကြားထားပါတယ်။

Public Service Announcement
အခုတော့ သူက ရူးနှမ်းတယ်လို့ စွပ်စွဲထားတဲ့ အခွန်ဥပဒေ မူကြမ်းဟာ ပြင်ဆင်မှုတချို့ လုပ်ဆောင်ပြီးတဲ့နောက် အထက်လွှတ်တော် မဲခွဲမှုကို အောင်မြင် ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အဲဒီ ပြင်ဆင်ချက်တွေကို အောက်လွှတ်တော်မှာ အတည်ပြုနိုင်ပြီ ဆိုရင်တော့ ဥပဒေအဖြစ် အသက်ဝင်လာဖို့ လမ်းပွင့်သွားမှာပါ။
အထက်လွှတ်တော် မဲမခွဲခင်မှာတော့ ထရမ့်က မတ်စ်ခ်ကို ထိုးနှက်တဲ့ အနေနဲ့ အစိုးရ ကန်ထရိုက် စာချုပ်တွေ၊ ထောက်ပံ့စရိတ်တွေသာ မရှိရင် မတ်စ်ခ်ရဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါသေးတယ်။ အဲဒီလို ထောက်ပံ့မှုတွေသာ မပါခဲ့ရင် မတ်စ်ခ်ဟာ အထုပ်သိမ်းပြီး တောင်အာဖရိကကို ပြန်သွားရလောက်ပြလို့ ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ (Truth)မှာ ရေးသားထားခဲ့ပါတယ်။ မတ်စ်ခ်ဟာ တောင်အာဖရိက နိုင်ငံမှာ မွေးဖွားခဲ့သူပါ။
တကယ်လို့ မတ်စ်ခ်ရဲ့ လုပ်ငန်းတွေအတွက် အစိုးရ ထောက်ပံ့မှုတွေနဲ့ ကန်ထရိုက် စာချုပ်တွေကို ပယ်ဖျက်မယ်ဆိုရင် အစိုးရ ယန္တရား အရည်အသွေး မြှင့်တင်ရေးဌာန (DOGE)က ဦးဆောင် ကိုင်တွယ်သင့်သလားဆိုပြီး ထရမ့်က မေးခွန်းထုတ်ထားပါသေးတယ်။ DOGE ဆိုတာက အစိုးရ အဖွဲ့ထဲမှာ ရှိနေတဲ့ ကာလအတွင်း အစိုးရ အသုံးစရိတ်ကို ကျစ်ကျစ်လစ်လစ် လျှော့ချဖို့ မတ်စ်ခ်ကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းထားခဲ့တဲ့ ဌာနဖြစ်ပါတယ်။
မတ်စ်ခ်နဲ့ ထရမ့်တို့ရဲ့ တင်းမာနေမှုဟာ တရုတ်က လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Weiboမှာတော့ အတော်လေး စိတ်ဝင်တစား ရှိနေကြပါတယ်။ ထရမ့်ရဲ့ ဥပဒေမူကြမ်းသာ အသက်ဝင်လာမယ်ဆိုရင် ပါတီထောင်မယ်ဆိုတဲ့ မတ်စ်ခ်က ပြောထားတဲ့အကြောင်း ပို့စ်တစ်ခုကိုဆိုရင် ကြည့်ရှုူသူ ၃၇ သန်းကျော်လောက်ထိ များပြားခဲ့ပါတယ်။
တချို့ကလည်း မတ်စ်ခ်ဟာ သူ့ရဲ့ နည်းပညာ အားပြုတဲ့ နောက်ခံ အခြေအနေ၊ အတွေးအခေါ်တွေကို အသုံးချပြီး နိုင်ငံရေးမှာ ဆန်းသစ်တဲ့ အမြင်တွေ ယူဆောင်လာနိုင်တယ်လို့ ထောက်ခံကြပါတယ်။ တချို့ကလည်း ကိုယ်မကြိုက်တော့တဲ့ အရာကို ဆက်ပြီး မထောက်ခံတော့ဘူးဆိုတာ မှန်ကန်တယ်လို့ မတ်စ်ခ်ကို မြှောက်ထိုးပင့်ကော် လုပ်ကြပါတယ်။
တရုတ်ရဲ့ Weibo သုံးစွဲသူ တစ်ယောက်ကဆိုရင် ‘ခင်ဗျားနောက်မှာ ကျွန်တော်တို့ရဲ့ လူဦးရေ ၁ ဘီလီယံလောက် ထောက်ခံနေတဲ့ အစ်ကိုကြီး မတ်စ်ခ်’လို့ မှတ်ချက် ရေးသားထားပါတယ်။
မတ်စ်ခ်ရဲ့ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Teslaက ထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေဟာ တရုတ်မှာ လူကြိုက်များပါတယ်။ မတ်စ်ခ်ရဲ့ အကြီးမားဆုံး စက်ရုံဟာ တရုတ်ရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ တည်ရှိပါတယ်။ သူဟာ တရုတ် ဝန်ကြီးချုပ် လီကျန်းနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ မတ်စ်ခ်ရဲ့ မိခင် မာယီမတ်စ်ခ်ဟာလည်း တရုတ်လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ထင်ရှားသူ တစ်ဦးပါ။
တရုတ် လူမှုကွန်ရက် သုံးစွဲသူ တချို့ကတော့ ထရမ့်ဟာ မှန်းဆရခက်လွန်းသူ တစ်ယောက်လို့ သုံးသပ်ကြပါတယ်။ တချို့က ထရမ့်နဲ့ မတ်စ်ခ်တို့ တကျက်ကျက် ရန်ဖြစ်နေတာ တော်သင့်ပြီလို့ အရွှန်းဖောက်ကြပါတယ်။
တရုတ်အစိုးရဟာ နိုင်ငံသားတွေရဲ့ လူမှုကွန်ရက် သုံးစွဲမှုတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ပြီး ဆင်ဆာဖြတ်တောက်တာတွေ ရှိပေမယ့် အခုအကြောင်းအရာနဲ့ ပတ်သက်လို့ ငြင်းခုံဆွေးနွေးတာတွေကိုတော့ ခွင့်ပြုပေးထားကြောင်း သိရပါတယ်။
ကိုးကား: Guardian


















































