Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက် ၅၀ အတွင်း ယူကရိန်းနဲ့ ညှိမလား၊ အခွန်တိုးကောက်တာ ခံမလားလို့ ရုရှားကို ထရမ့်သတိပေး

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလား၊ ဒါမှမဟုတ် အခွန်စည်းကြပ်မှုတွေ မြင့်မြင့်မားမား သတ်မှတ်ပြီး အရေးယူတာ ခံမလားဆိုတာ တစ်ခုခုရွေးဖို့ ရုရှားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

Reuters

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလား၊ ဒါမှမဟုတ် အခွန်စည်းကြပ်မှုတွေ မြင့်မြင့်မားမား သတ်မှတ်ပြီး အရေးယူတာ ခံမလားဆိုတာ တစ်ခုခုရွေးဖို့ ရုရှားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ စရိတ်စိုက်ထုတ် ကျခံပေးမှုနဲ့ အမေရိကန် စစ်လက်နက်တွေကို ယူကရိန်းဆီ ပြန်လည် ပို့ဆောင်သွားမယ်လို့ ကြေညာခဲ့ပြီး မကြာခင်မှာ ထရမ့်ဆီက ရုရှားအပေါ် အခုလိုမျိုး တင်းမာတဲ့ ရာဇသံဆန်ဆန် သဘောထားမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား ၃ နှစ်ကျော် ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ နှစ်ဖက်စလုံးကို ဖိအားပေးနေပါတယ်။ သူက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ရပ်စဲရေး သဘောတူညီမှု တစ်ခုခု ထွက်ပေါ်လာစေဖို့ အချိန်ဆွဲနေတာမျိုး မဖြစ်သင့်တော့ကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။

အစောပိုင်းက ထရမ့်ဟာ ပူတင်နဲ့ ပတ်သက်လို့ အတော်လေး ပျော့ပြောင်းငြင်သာတဲ့ သဘောထားမျိုးတွေနဲ့ ချဉ်းကပ်ခဲ့သလို ရုရှားသမ္မတနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့မှာတော့ ထရမ့်က သူဟာ ပူတင် လုပ်နေတာတွေအပေါ် အတော်ကြီး စိတ်ပျက်ပြီး မပျော်မရွှင် ဖြစ်လာနေတယ်လို့ ထရမ့်က ထုတ်ပြောခဲ့ပါတယ်။

တကယ်လို့ ရက်ပေါင်း ၅၀ အတွင်းမှာမှ သဘောတူညီမှု တစ်ခုခု ရမလာဘူးဆိုရင် သူဟာ ရုရှားဆီက သွင်းကုန်တွေအပေါ် အခွန်နှုန်းထား မြင့်မြင့်မားမား သတ်မှတ် ကောက်ယူမှာ ဖြစ်ကြောင်း၊ အဲဒီပမာဏဟာ ကုန်ပစ္စည်း တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းထိ များပြားနိုင်ကြောင်း ထရမ့်က အိမ်ဖြူတော်မှာ NATO အကြီးအကဲ မတ်ခ်ရူတေးနဲ့ ဆွေးနွေးအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါတင်မကသေးဘဲ ရုရှားရဲ့ လက်ကျန် ကုန်သွယ်ဖက် နိုင်ငံတွေ အပေါ်မှာပါ အခွန်စည်းကြပ်မှုတွေ တိုးမြှင့် လုပ်ဆောင်ပြီး ရှိရင်းစွဲ ယိမ်းယိုင်နေတဲ့ ရုရှားစီးပွားရေးကို လုံးဝ ပြိုလဲသွားတဲ့ထိ ဖိအားပေးပစ်မယ်လို့ ထရမ့်က ဆိုပါတယ်။ ရုရှားဟာ ယူကရိန်း ကျူးကျော်စစ်ပွဲကို အကြောင်းပြုပြီး အနောက် မဟာမိတ် နိုင်ငံတွေဆီက ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း ကြုံတွေ့ထားနှင့်ပြီး ဖြစ်ပါတယ်။

ထရမ့်နဲ့ ရူတေးတို့ဟာ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေ အပါအဝင် အမေရိကန်လုပ် စစ်လက်နက်တွေကို NATOက ဝယ်ယူပြီး ယူကရိန်းဆီ လက်လွှဲ ထောက်ပံ့မယ့် ဆွေးနွေး သဘောတူညီချက်ကိုလည်း အတည်ပြုသွားပါတယ်။ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိမယ့် အဲဒီ စစ်လက်နက် ဝယ်ယူရေး ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်တွေကိုတော့ အမေရိကန်ရော၊ NATOကပါ မထုတ်ပြန်သေးပါဘူး။

ရူတေးကတော့ ပမာဏအနေနဲ့ အတော်ကြီး များလိမ့်မယ်လို့ ပြောပါတယ်။ ဒီသဘောတူညီမှုဟာ ယူကရိန်း စစ်ပွဲအတွက် အမေရိကန်ဟာ NATOနဲ့ ဥရောပ နိုင်ငံတွေထက် ပိုပြီး စရိတ် စိုက်ထုတ်ပေးနေရကြောင်း ထရမ့်ရဲ့ မကျေမနပ် စောဒက တက်မှုတွေကိုလည်း ဖြေလျှော့ပေးနိုင်လိမ့်မယ်လို့ ရူတေးက မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန် လက်နက်တွေကို ဝယ်ယူပြီး ယူကရိန်းဆီ ပေးပို့မယ့် အစီအစဉ်မှာ ပူးပေါင်း စရိတ်စိုက်ထုတ်ပေးဖို့ ဂျာမနီ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်နဲ့ ဗြိတိန်တို့က စုပေါင်း သဘောတူထားကြောင်းလည်း ရူတေးက ဆိုပါတယ်။

သူသာ ပူတင်ဖြစ်နေမယ်ဆိုရင် သမ္မတကြီး ပြောတဲ့စကားကို ကြားကြားချင်းမှာပဲ ယူကရိန်းနဲ့ ဆွေးနွေးရေးကို အာရုံစိုက် အလေးထား လုပ်ဆောင်သင့်ပြီ ဆိုတာမျိုး အတွေးဝင်လာမှာ ဖြစ်တယ်လို့ ရူတေးက ထရမ့်ကို ပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း သူဟာ ထရမ့်နဲ့ ဖုန်းပြောခဲ့ပြီး ဖြစ်သလို လက်နက် ထောက်ပံ့ရေးကိစ္စ သဘောတူညီချက် အတွက်လည်း ကျေးဇူးစကား ဆိုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေဟာ စစ်ရပ်စဲရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့ကြပေမယ့် သုံ့ပန်းချင်း လဲလှယ်ကြရုံ အဆင့်ထက်ပိုတဲ့ သဘောတူညီမှုမျိုးတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook