Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ကျောင်းမှာ အခမဲ့ကျွေးမွေးတဲ့ နေ့လယ်စာကြောင့် အင်ဒိုနီးရှားမှာ ၃၆၀ ကျော် အစာအဆိပ်သင့်

အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းက အခမဲ့ ကျွေးမွေးတဲ့ နေ့လယ်စာက အစာအဆိပ်အသင့်တာကြောင့် ကလေးအများစု အပါအဝင် လူပေါင်း ၃၆၀ ကျော် နာမကျန်း ဖြစ်ခဲ့ကြပါတယ်။

Getty/File

အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းက အခမဲ့ ကျွေးမွေးတဲ့ နေ့လယ်စာက အစာအဆိပ်အသင့်တာကြောင့် ကလေးအများစု အပါအဝင် လူပေါင်း ၃၆၀ ကျော် နာမကျန်း ဖြစ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာတော့ အစိုးရ ကျောင်းတွေမှာ နေ့လယ်စာ အခမဲ့ ကျွေးမွေးတဲ့ အစီအစဉ်ကို နှစ်ဆန်းပိုင်းက စတင်ခဲ့ပါတယ်။ ဒါဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ အဓိကကျတဲ့ ကတိတစ်ခုကို အကောင်အထည် ဖော်တဲ့သဘောလည်း ဖြစ်ပါတယ်။ အဲဒီလို အခမဲ့ နေ့လယ်စာ ကျွေးမွေးမှုကြောင့် ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် ဝန်ပေါ့စေသလို ကလေးတွေကို ကျောင်းတက်ခိုင်းဖို့လည်း တွန်းအားဖြစ်စေတယ်လို့ ပရာဘိုဝိုက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အခမဲ့ ကျွေးမွေးတဲ့ နေ့လယ်စာရဲ့ သန့်ရှင်းမှုနဲ့ အာဟာရ ပြည့်မီမှုအပေါ် သံသယနဲ့ မေးခွန်းထုတ်မှု အများအပြား ရှိနေပါတယ်။ အရင်ကလည်း ကျောင်းကကျွေးတဲ့ နေ့လယ်စာက အစာအဆိပ်သင့်တဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော်လောက် အဲဒီဒဏ်ကို ခံခဲ့ကြရပါတယ်။

ဩဂုတ် ၁၃ ရက်နေ့ကတော့ ဂျာဗား အလယ်ပိုင်းမှာရှိတဲ့ ဆာရာဂျန်မြို့က အစိုးရကျောင်း တစ်ခုမှာ နေ့လယ်စာ စားပြီးတဲ့နောက် ကျောင်းသူကျောင်းသား အများအပြား အပါအဝင် လူ ၃၆၅ ဦး အစာအဆိပ် သင့်ခဲ့ကြကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မြို့ရဲ့ အုပ်ချုပ်ရေးမှူး ဆီဂျစ် ပါမွန်ကက်စ်ကတော့ နေ့လယ်စာ နမူနာ တချို့ကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားကြောင်းနဲ့ ဆေးကုသစရိတ် လိုအပ်တဲ့ သူတွေအတွက် အစိုးရက စိုက်ထုတ်ပေးဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂမ်မိုလောင် အမှတ် ၁ ကျောင်းရဲ့ Grade 9 ကျောင်းသား တစ်ဦးဖြစ်တဲ့ ဝစ်ဇ်ဒန် ရစ်ဒ်ဟို အဘီမန်ယူကတော့ သူဟာ ညပိုင်းမှာ ဗိုက်ထဲက စူးပြီးနာတာကြောင့် လန့်နိုးလာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ ဝမ်းလျှောတာတွေပါ ခံစားခဲ့ရကြောင်း သူက ဆိုပါတယ်။ ပထမတော့ ဘာကြောင့်မှန်း မသိပေမယ့် တခြားကျောင်းသားတွေက လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ပို့စ်တွေအရ သူအပါအဝင် အများအပြား အစာအဆိပ် သင့်နေမှန်း သဘောပေါက်လိုက်တယ်လို့ ဝဒ်ဇ်ဒန်က ရှင်းပြခဲ့ပါတယ်။

အစိုးရရဲ့ အမျိုးသား အာဟာရ အေဂျင်စီဟာ ကျောင်းတွေမှာ နေ့လယ်စာ အခမဲ့ ကျွေးမွေးမှု အစီအမံကို အဓိက စီမံခန့်ခွဲနေပါတယ်။ နိုင်ငံအနှံ့က ကျောင်းတချို့မှာ အစာအဆိပ်သင့်တဲ့ ပြဿနာတွေ ကြုံခဲ့တဲ့နောက် အစားအသောက် ကုန်ကြမ်းတွေ သယ်ယူပို့ဆောင်မှုနဲ့ မီးဖိုချောင် သန့်ရှင်းမှု စံနှုန်းတွေကို မြှင့်တင်ထားတယ်လို့ အေဂျင်စီ အကြီးအကဲ ဒါဒန် ဟင်ဒါရာနာက ပြောပါတယ်။

ကျောင်းတွေမှာ အခမဲ့ နေ့လယ်စာကျွေးမှု အစီအစဉ်ကို အရှိန်အဟုန်နဲ့ ချဲ့ထွင်နေရာမှာ အခုဆိုရင် နေ့စဉ် ကျောင်းသား ၁၅ သန်းကျော်လောက်အတွက် နေ့လယ်စာ စီစဉ်ပေးနေရတယ်လို့လည်း သိရပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီဦးရေကို နှစ်ကုန်ပိုင်းမှာ ၈၃ သန်းထိ ချဲ့ထွင်နိုင်ဖို့ မျှော်လင့်ထားပြီး နှစ်စဉ် ကုန်ကျစရိတ်က ရူပီး ၁၇ ထရီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၀.၆ သန်းလောက်ထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မတ်လတုန်းကလည်း အနောက်ဂျာဗားက ကျောင်းတစ်ကျောင်းမှာ အစားအသောက်ထဲ ဆယ်လ်မိုနယ်လာနဲ့ အီကိုလိုင် ဘက်တီးရီးယားတွေ ရောနှောပါနေရာက ကျောင်းသူကျောင်းသား ၂၀၀ ကျော် နေမကောင်း ဖြစ်ခဲ့ကြပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစာအဆိပ်သင့် ဝေဒနာ ခံစားရလို့ ရက်ပိုင်းလောက် အနားယူရမယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

စာသင်ကျောင်းတွေမှာ ကလေးတွေကို အစားအသောက်တွေ အခမဲ့ ထောက်ပံ့ ကျွေးမွေးမယ့် အင်ဒိုနီးရှား အစိုးရရဲ့ အစီအစဉ်ဟာ ကလေးတွေ အစာအဆိပ်သင့်မှု ပြဿနာတွေကြောင့် ပုံရိပ် ထိခိုက်မှုတချို့ ဖြစ်လာရပါတယ်။

Fact-Check

နေပြည်တော်၊ တပ်ကုန်းမြို့က ချောင်းခြားကျေးရွာမှာ ရေဘေးအလှု အစားအသောက်ကို စားသုံးမိရာကနေ ရွာသူ၊ရွာသားတွေ အစာအဆိပ်သင့်ကြတာဟာ သံဃာတော်တွေကို ဆဲဆိုတာ၊ တော်လှန်ရေးကို အားပေးတာ ကြောင့် ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် ရန်သူလှုပ်ရှားမှုသတင်းများ တယ်လီဂရမ် ချန်နယ် က စက်တင်ဘာ ၁၉ ရက်က ဖြန့် ဝေပါတယ်။