Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဓားစာခံ အားလုံး မလွတ်မြောက်ရင် အပစ်ရပ် ကမ်းလှမ်းမှုကို လက်မခံဘူးလို့ အစ္စရေးဆို

အပစ်ရပ်ချင်ရင် ဟားမားစ် ပြောက်ကျားတွေ ဖမ်းဆီးထားတဲ့ လက်ကျန် ဓားစာခံ အားလုံး ပြန်လည် လွှဲပြောင်းပေးရမယ်ဆိုတဲ့ အစ္စရေးရဲ့ တောင်းဆိုချက်ကြောင့် နောက်ဆုံး ကမ်းလှမ်းထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုက မရေမရာ ဖြစ်လာပါတယ်။

Getty Images

အပစ်ရပ်ချင်ရင် ဟားမားစ် ပြောက်ကျားတွေ ဖမ်းဆီးထားတဲ့ လက်ကျန် ဓားစာခံ အားလုံး ပြန်လည် လွှဲပြောင်းပေးရမယ်ဆိုတဲ့ အစ္စရေးရဲ့ တောင်းဆိုချက်ကြောင့် နောက်ဆုံး ကမ်းလှမ်းထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုက မရေမရာ ဖြစ်လာပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲဖို့ အစဉ်တစိုက် ကြိုးစားနေတဲ့ ကာတာနဲ့ အီဂျစ် အစိုးရတွေက အခုသီတင်းပတ် အစောပိုင်းမှာ နောက်ထပ် အပစ်ရပ် ကမ်းလှမ်းမှု တစ်ခုကို အစ္စရေးရော၊ ဟားမားစ်ဆီကိုပါ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် အဲဒီ ကမ်းလှမ်းမှုဟာ ပထမအဆင့် အနေနဲ့ ရက်ပေါင်း ၆၀ အပစ်ရပ်ဖို့၊ တိုးတက်မှု အခြေအနေအပေါ် မူတည်ပြီး စစ်ပွဲ အပြီးတိုင် ရပ်ဆိုင်းရေး အဆင့်ထိ ဆက်သွားဖို့ ဆိုတဲ့ သဘောထားမျိုးနဲ့ ချဉ်းကပ်ထားခဲ့တာပါ။

ကာတာ၊ အီဂျစ် အာဏာပိုင်တွေနဲ့ ဟားမားစ် အရာရှိ တချို့က အဲဒီ အဆိုပြုချက်ကို ဟားမားစ်ဖက်က မူအားဖြင့် လက်ခံထားပြီး ဖြစ်တယ်လို့ အသီးသီး အတည်ပြုထားပါတယ်။ အစ္စရေးကလည်း အတိအလင်း ငြင်းဆိုတာမျိုး မရှိပေမယ့် ပြည့်ဝစုံလင်မှု မရှိဘဲ တစ်စိတ်တစ်ပိုင်းလောက်သာ ညှိနှိုင်းတာတွေကိုတော့ စိတ်မဝင်စားဘူးလို့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ် မန်ဆာက တုံ့ပြန်ထားပါတယ်။

ကိစ္စတွေက ပြောင်းလဲကုန်ပြီ ဖြစ်ကြောင်း၊ အစ္စရေး ဝန်ကြီးချုပ်ဟာ အနာဂတ်မှာ ဂါဇာကို ဘယ်လို ပုံဖော်မလဲဆိုတဲ့ စီမံကိန်းတွေတောင် အသင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သူက ဆိုပါတယ်။ သူက အစ္စရေး အနေနဲ့ ဟားမားစ် လက်ထဲမှာ အသက်ရှင်လျက်ရော၊ သေဆုံးလျက်ပါ ရှိနေတဲ့ ဓားစာခံ အားလုံးကို ပြန်လိုချင်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ဟားမားစ်တွေဟာ အစ္စရေး နယ်စပ်ကို အလစ်အငိုက် စီးနင်း တိုက်ခိုက်ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ဓားစာခံ ၂၅၀ လောက်ကို ဂါဇာပိုင်နက်ထဲ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ အရင်က ညှိနှိုင်းမှုတွေအရ အဲဒီထဲက ၂၀၀ လောက်ကို အသက်ရှင်လျက်ရော၊ သေဆုံးလျက်ပါ အစ္စရေးက ပြန်လည် လက်ခံ ရရှိခဲ့ပြီးပါပြီ။

ဟားမားစ် လက်ထဲမှာ ကျန်နေတဲ့ ဓားစာခံ ၅၀ ထဲမှာလည်း ၂၀ လောက်သာ အသက်ရှင်လျက် ရှိလိမ့်မယ်လို့ အစ္စရေးက ခန့်မှန်းထားပါတယ်။ အီဂျစ်နဲ့ ကာတာတို့ အဆိုပြုတဲ့ ကြားဝင် ကမ်းလှမ်းမှုမှာတော့ အပစ်ရပ်ဖို့အတွက် ဟားမားစ်က အသက်ရှင်ဆဲ ဓားစာခံ ၁၀ ဦးနဲ့ ရုပ်အလောင်း ၁၈ ခုကို အစ္စရေးဆီ ပြန်လွှဲပေးဖို့၊ စစ်ပွဲ အပြီးရပ်ဆိုင်းသွားတဲ့အခါ ကျန်တဲ့ ဓားစာခံတွေ အားလုံး လက်လွှဲပေးဖို့ ဆိုတာမျိုး ပါရှိပေမယ့် အစ္စရေးက သဘောမတူပါဘူး။ ရက် ၆၀ ကြာ အပစ်ရပ်ဖို့အတွက် ဓားစာခံ အားလုံးကို ဟားမားစ်က ပြန်လွှဲပေးရမယ်လို့ အစ္စရေးက တောင်းဆိုထားပြီး စစ်ပွဲကို အလုံးစုံ ရပ်စဲပေးမယ်ဆိုတဲ့ အာမခံချက်လည်း မပေးပါဘူး။ ဒီအခြေအနေက အပစ်ရပ် ဆွေးနွေးမှုကို ရှေ့ဆက်ဖို့ မရေမရာ ဖြစ်လာစေပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဂါဇာမှာ ဟားမားစ်ကို အမြစ်ဖြုတ် ရှင်းလင်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အတိအလင်း ကြေညာထားသလို အဲဒီ အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ဂါဇာစီးတီး အပါအဝင် ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်း ဧရိယာတွေကို ထိန်းချုပ် သိမ်းယူဖို့လည်း ပြင်ဆင်နေပါတယ်။

ဟားမားစ်ကတော့ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်မှာ ဓားစာခံတွေကို တစ်စိတ်တစ်ပိုင်းပဲ လွှတ်ပေးဖို့ဆိုတဲ့ အချက်အပေါ် လက်ခံ သဘောတူထားပြီး အဲဒါကို ပြင်ဆင်ရင် ကမ်းလှမ်းချက်ကို လက်ခံတော့မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ကနဦးမှာ တစ်စိတ်တစ်ပိုင်း သဘောတူညီမှု ဖြစ်ပေမယ့် အဲဒီကနေ တစ်ဆင့်တက်ပြီး အလုံးစုံ သဘောတူညီမှု အဆင့်ထိ ဆက်သွားလို့ ရတယ်လို့ ဟားမားစ် အရာရှိ တစ်ဦးဖြစ်တဲ့ တာဟာ အယ်လ်နူနူက ဆိုပါတယ်။

ကာတာ နိုင်ငံခြားရေး ဝန်ကြီး မာဂျက်အယ်လ် အန်ဆာရီက အခု ကမ်းလှမ်းမှု အသစ်ဟာ ဇွန်လတုန်းက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် တင်ပြခဲ့တဲ့ အဆိုပြုချက်နဲ့ ၉၈ ရာခိုင်နှုန်းလောက် ဆင်တူတယ်လို့ ပြောပါတယ်။ ကမ်းလှမ်းချက်ဟာ ဝစ်ကော့ဖ်ရဲ့ အစီအမံတွေကနေ သွေဖယ် မသွားဘဲ ပိုပြီး အသေးစိတ်ကျအောင် ပြင်ဆင်ထားတာသာ ဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဝစ်ကော့ဖ်ရဲ့ ကမ်းလှမ်းချက်တုန်းကတော့ အစ္စရေးက လက်ခံခဲ့ပေမယ့် အပစ်ရပ် ကာလနောက်ပိုင်း စစ်ပွဲ အပြီးရပ်ဆိုင်းရေးဆိုတဲ့ အာမခံချက် မပါခဲ့တာကြောင့် ဟားမားစ်ဖက်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။