ယူကရိန်းနဲ့ တိုက်ရိုက်ကျတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဖို့ ရုရှားဖက်က အသင့်ရှိတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အားအထားရဆုံး လက်ရုံးတစ်ဦးလည်းဖြစ်တဲ့ ဆာဂျီလက်ဗ်ရော့ဗ်က ပူတင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ နောက်ဆုံးတစ်ကြိမ် ဖုန်းပြောခဲ့တုန်းက ရုရှား-ယူကရိန်း တိုက်ရိုက် ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ ရုရှားဖက်က အသင့်ရှိတယ်ဆိုတဲ့ သဘောထားကို အသိပေးခဲ့ကြောင်း ပြောကြားသွားပါတယ်။
ထရမ့်နဲ့ ပူတင်တို့ အမေရိကန်နိုင်ငံ၊ အလာစကာ ပြည်နယ်မှာ တွေ့ဆုံပြီး ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ထရမ့်က ပူတင်ကို ဖုန်းခေါ်ခဲ့ကြောင်း၊ ပူတင်က သူ့အနေနဲ့ ယူကရိန်းကို တိုက်ရိုက် ချိတ်ဆက် စကားပြောတာ အပါအဝင် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်လိုတဲ့ ဆန္ဒကို ထရမ့်ဆီ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီးဖြစ်ကြောင်း လက်ဗ်ရော့ဗ်က NBC သတင်းဌာနက ဩဂုတ် ၂၄ ရက်နေ့မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးထဲမှာ မှတ်ချက်ပေးထားခဲ့ပါတယ်။
ရုရှားက ယူကရိန်းနဲ့ တိုက်ရိုက် ထိတွေ့ ဆွေးနွေးမှုတွေကို ဆက်လက် လိုလားနေဆဲ ဆိုပေမယ့် ပူတင်-ဇီလန်စကီး တွေ့ဆုံပွဲ ဖြစ်မြောက်လာမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူးလို့ လက်ဗ်ရော့ဗ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောသွားပါတယ်။ ပူတင်ဟာ အစည်းအဝေးရဲ့ ရည်ရွယ်ချက် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပြီဆိုရင် ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ တွေးထားကြောင်း၊ ဒါပေမဲ့ လောလောဆယ်မှာတော့ အစည်းအဝေး လုပ်ငန်းစဉ်က အသင့်မဖြစ်သေးကြောင်း သူက ဆိုပါတယ်။

Public Service Announcement
ပူတင်နဲ့ ဇီလန်စကီးတို့ကြား မျက်နှာစုံညီ ဆွေးနွေးဖို့ ဆိုတာက ထရမ့်က နှစ်ဖက်စလုံးကို ဖိအားပေး တောင်းဆိုထားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရေး သုတေသီတွေကတော့ ရုရှားအစိုးရဟာ တောင်းဆိုချက်တွေကို ယူကရိန်းက လိုက်လျောလက်ခံမှာ သေချာတဲ့ထိ အဲဒီလို တွေ့ဆုံဖို့ ဆန္ဒမရှိနိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။
ထရမ့်ဟာ ဩဂုတ် ၁၅ ရက်နေ့တုန်းက အလာစကာမှာ ပူတင်ကို ဖိတ်ကြား တွေ့ဆုံခဲ့ပြီး အဲဒီနောက် ရက်အနည်းငယ် အကြာမှာတော့ အိမ်ဖြူတော်မှာ ဇီလန်စကီး၊ ဥရောပ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
လက်ဗ်ရော့ဗ်က ထရမ့်ဟာ ပူတင်၊ ဇီလန်စကီးတို့နဲ့ သီးခြားစီ တွေ့ဆုံမှုတွေ အပါအဝင် ထိပ်သီး ဆွေးနွေးပွဲတွေအတွက် သေသေချာချာ အလေးထား ပြင်ဆင်ထားခဲ့တာကို ပူတင်ကလည်း အသိအမှတ် ပြုထားကြောင်း ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ဟာ သမ္မတချင်း မတွေ့ဖြစ်သေးပေမယ့် ထရမ့်ရဲ့ ဖိအားပေး တောင်းဆိုမှုတွေနဲ့အတူ တူရကီနိုင်ငံမှာ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံတာမျိုးတွေတော့ ရှိခဲ့ပြီးသားပါ။ လက်ဗ်ရော့ဗ်ကတော့ အဲဒီလို တွေ့ဆုံမှုတွေရဲ့ ဒုတိယ အကြိမ်အတွင်းမှာ ရုရှား ကိုယ်စားလှယ် အဖွဲ့က ပေးအပ်ခဲ့တဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းဆီက အကြောင်းပြန်ချက် မရသေးဘူးလို့ ဆိုပါတယ်။
သူက ရုရှားရော၊ ယူကရိန်းပါ ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးကို လိုလားပေမယ့် တခြားတစ်ဖက်မှာတော့ ဥရောပ နိုင်ငံတွေက အဲဒီ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဖက် အခြေအနေတွေ ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်ပေးနေကြောင်း စွပ်စွဲ ပြောကြားသွားပါတယ်။
ကိုးကား: NBC


















































