အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်နေ့တုန်းက ဂျေရုဆလင် မြောက်ပိုင်း၊ လူစည်ကားတဲ့ ဧရိယာက ဘတ်စ်ကားမှတ်တိုင်မှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ အဲဒီနောက် သေနတ်သမား နှစ်ဦးဟာ လူကျပ်နေတဲ့ ဘတ်စ်ကား တစ်စီးပေါ်ကိုလည်း တက်ပြီး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
သေနတ်သမားတွေကိုတော့ အနီးမှာ ရှိနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးနဲ့ လက်နက်ကိုင် အရပ်သား တစ်ဦးက ရှင်းလင်း သုတ်သင်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားနေချိန် လူတွေက ဘတ်စ်ကားမှတ်တိုင်ဖက်ကနေ ထိတ်လန့်တကြား ထွက်ပြေးလာခဲ့တဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ မျက်မြင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက အခင်းဖြစ်တဲ့ နေရာမှာ ဒဏ်ရာရထားသူတွေက သွေးအိုင်တွေထဲမှာ လဲနေခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement
တိုက်ခိုက်မှုအပြီး ဂျေရုဆလင်မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ရာနဲ့ချီ ဖြန့်ကျက်ပြီး နောက်ဆက်တွဲ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာနိုင်ခြေကို တားဆီးဖို့ အစီအမံတွေ တင်းကျပ်ထားပါတယ်။
နောက်ပြီး အနီးဆုံး ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက်ကမ်းခြေ ဒေသထဲက ရာမာလာမြို့ရဲ့ ပတ်ဝန်းကျင် ကျေးရွာတွေကိုလည်း အစ္စရေးတပ်တွေက ဝန်းရံထားလိုက်ပြီး နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာရင် တားဆီးဖို့ အသင့်ပြင်ထားကြောင်း အစ္စရေး စစ်တပ်က ကြေညာပါတယ်။
ဂျေရုဆလင်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲ ဆိုတာကို မသိရသေးပါဘူး။ ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ စစ်ခင်းနေတဲ့ ဟားမားစ်တွေက အဲဒီတိုက်ခိုက်မှုကို ချီးကျူးထောမနာ ပြုခဲ့ပေမယ့် သူတို့ရဲ့ လက်ချက်လို့တော့ မပြောပါဘူး။
ဂါဇာမှာ စစ်ပွဲ ဖြစ်ပွားပြီးတဲ့နောက် အစ္စရေး ပိုင်နက်ထဲမှာရော၊ အနောက်ဖက် ကမ်းခြေဒေသမှာပါ အစ္စရေးနဲ့ ပါလက်စတိုင်းတွေကြား ရန်လို တိုက်ခိုက်မှုတွေ ပိုမို ထူထပ်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနှစ်ထဲမှာတော့ အဲဒီလို တိုက်ခိုက်မှုတွေ ပြန်လည် လျော့ပါးနေရာက အခုလို ဂျေရုဆလင်ဖြစ်စဉ် ပေါ်ပေါက်လာတာပါ။
အဲဒီမတိုင်ခင် နောက်ဆုံးအကြိမ် အသေအပျောက် ရှိခဲ့တဲ့ ပစ်ခတ်မှုက ၂၀၂၄ အောက်တိုဘာလမှာဖြစ်ပြီး အနောက်ဖက် ကမ်းခြေဒေသမှာ နေထိုင်တဲ့ ပါလက်စတိုင်း နှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးရဲ့ တဲလ်အဗစ်ဗ် မြို့ထဲမှာ ၇ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကတော့ သူတို့ရဲ့ လက်ချက်လို့ ဟားမားစ်တွေက အတည်ပြုခဲ့ပါတယ်။
ကိုးကား: AP





















































