ဘတ်ဂျတ် အစီအမံသစ်ကိစ္စ ညှိနှိုင်းတာ အဆင်မပြေလို့ အစိုးရ ယန္တရား ရပ်တန့် (shutdown)သွားမယ်ဆိုရင် သူ့အစိုးရ အနေနဲ့ နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တဲ့ တုံံ့ပြန် ကိုင်တွယ်မှုတွေကို ရွေးချယ်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီမှာ စက်တင်ဘာ ၃၀ ရက်နေ့ ညသန်းခေါင်ယံ ရောက်ဖို့ နာရီပိုင်း အလိုထိ အာဏာရ ရီပတ်ဘလစ်ကန်ပါတီနဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီတို့ကြား အစိုးရ ဘတ်ဂျတ် အစီအမံသစ်အတွက် ညှိနှိုင်းမှုတွေ အဆင်မပြေသေးပါဘူး။ လွှတ်တော်က ဘတ်ဂျတ်ကိစ္စကို အောင်အောင်မြင်မြင် မဆုံးဖြတ်နိုင်ရင် သန်းခေါင်ကျော်ချိန်ကစလို့ အစိုးရကို shutdown ချထားရမှာ ဖြစ်ပါတယ်။
အဲဒီကာလအတွင်း ဖက်ဒရယ် အစိုးရရဲ့ မရှိမဖြစ် အလိုအပ်ဆုံး မဟုတ်တဲ့ လုပ်ငန်းဌာနတွေ၊ အေဂျင်စီတွေရဲ့ လည်ပတ်မှု ယန္တရားကို ရပ်တန့်ထားပြီး ဝန်ထမ်း အများအပြားကိုလည်း ခွင့်အဖြစ် သတ်မှတ်ထားလိုက်မှာပါ။ ထရမ့်ကတော့ ဒီမိုကရက်တစ်တွေ ခေါင်းမာနေလို့ သန်းခေါင်ကျော်သွားတဲ့ထိ ဘတ်ဂျတ် သဘောတူညီမှု မရရင် သူ့ရဲ့ အစိုးရဟာ ဖက်ဒရယ် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ပယ်တာမျိုး အပါအဝင် နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို မဖြစ်မနေ ရွေးချယ်ရမယ်လို့ ပြောပါတယ်။
အစိုးရ shutdown ကာလမှာတော့ အစိုးရ အနေနဲ့ရော၊ ဒီမိုကရက်တစ် ပါတီအတွက်ပါ ပြန်ပြင်လို့ မရနိုင်မယ့် ကိစ္စတွေကို လုပ်ရမှာ ဖြစ်ကြောင်း၊ အဲဒီထဲမှာ လူတွေ အများကြီးရဲ့ အလုပ်နေရာတွေကို လျှော့ချရတာမျိုး၊ သူတို့အတွက် စီစဉ်ထားတဲ့ အလုပ် ပရိုဂရမ်တွေ ဖြတ်တောက်တာမျိုးတွေ ကြုံလာနိုင်ကြောင်း ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

ဒီမိုကရက်တစ် ပါတီက အမေရိကန်ပြည်သူ သန်းဂဏန်းလောက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဘတ်ဂျတ် အစီအမံ တစ်ခုကို တင်သွင်းခဲ့ပေမယ့် အထက်လွှတ်တော် မဲခွဲမှုမှာ ၅၃-၄၇ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်တွေက အစိုးရ အသုံးစရိတ် အသစ်ကနေ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ငွေကြေးတွေကို ခွဲထုတ်ထားမယ့် သီးခြားဘတ်ဂျတ် အဆိုကို တင်သွင်းမှုကလည်း မအောင်မြင်ဖို့ သေချာသလောက် ရှိနေတာကြောင့် အစိုးရ shutdownချထားရမယ့် အခြေအနေက ပိုနီးကပ်လာနေတာပါ။
အဲဒီအငြင်းအခုံကို အချိန်မီ မဖြေရှင်းနိုင်ရင် ထောင်သောင်းချီ များပြားတဲ့ အစိုးရ ဝန်ထမ်းတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အလုပ်ကနေ ယာယီ အနားပေး ခံထားရမှာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)လို အဖွဲ့အစည်းမျိုးကစလို့ နိုင်ငံတဝန်းမှာရှိတဲ့ ဖက်ဒရယ် အစိုးရ လက်အောက်ခံ ဌာနတွေမှာ ဝန်ဆောင်မှု လျှော့ချတာ၊ လုပ်ငန်းရပ်တာတွေ ကြုံလာရမှာပါ။ နိုင်ငံတစ်ဝန်းက ပြတိုက်တွေနဲ့ ဖက်ဒရယ် တရားရုံးတွေလည်း ပိတ်ကုန်မှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကို နောက်ကြောင်းပြန်ကြည့်ရင် ဝါရှင်တန်ဒီစီရဲ့ နှစ်ဖက် နိုင်ငံရေး အင်အားစုတွေကြားမှာ အစိုးရ အသုံးစရိတ်ကိစ္စ အလျှော့မပေးစတမ်း တင်းမာနေတတ်ကြတာ ပုံမှန်အခြေအနေ တစ်ခုတောင် ဖြစ်လာပါတယ်။ များသောအားဖြင့် အဲဒီတင်းမာမှုတွေဟာ အစိုးရကို shutdown ချရခါနီး မိနစ်ပိုင်း အလိုလောက်မှာ ပြေလည်အောင် ညှိနှိုင်းလိုက်နိုင်လေ့တော့ ရှိပါတယ်။
ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းကလည်း ၂၀၁၈ အကုန်၊ ၂၀၁၉ နှစ်ဆန်းပိုင်းထိ ၃၅ ရက်ကြာ အစိုးရ shutdown ကြုံခဲ့ဖူးပြီး ဖက်ဒရယ် အစိုးရ အေဂျင်စီတချို့ အလုပ်ရပ်နားထားခဲ့ရပါတယ်။ အမေရိကန်မှာ သမ္မတ ဘာရတ်အိုဘားမား လက်ထက်တုန်းကလည်း ၂၀၁၃ နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းက ၁၆ ရက်နဲ့ ၃ ရက်စီ ကြာမြင့်တဲ့ အစိုးရ shutdown အခြေအနေတွေ ကြုံတွေ့ခဲ့ပြီး အဲဒီအတောအတွင်း ဖက်ဒရယ် အေဂျင်စီ အားလုံးလိုလို လည်ပတ်မှု ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































