Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဓားစာခံတွေ အားလုံး လွတ်မြောက်ပြီလို့ ရက်ပိုင်းအတွင်း ကြေညာနိုင်ဖို့ အစ္စရေး ဝန်ကြီးချုပ် မျှော်လင့်

ဟားမားစ် ပြောက်ကျားတွေ လက်ထဲက ဓားစာခံ အားလုံးကို အိမ်ပြန်ခေါ်လာနိုင်ပြီဆိုတဲ့ သတင်းကောင်းမျိုးကို လာမယ့် ရက်ပိုင်းအတွင်း ကြေညာနိုင်ဖို့ မျှော်လင့်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - PTI

ဟားမားစ် ပြောက်ကျားတွေ လက်ထဲက ဓားစာခံ အားလုံးကို အိမ်ပြန်ခေါ်လာနိုင်ပြီဆိုတဲ့ သတင်းကောင်းမျိုးကို လာမယ့် ရက်ပိုင်းအတွင်း ကြေညာနိုင်ဖို့ မျှော်လင့်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် အဆိုပြုခဲ့တဲ့ ဂါဇာ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ ပထမအဆင့်တွေကို ပါလက်စတိုင်း လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်ရော၊ အစ္စရေးကပါ လက်ခံခဲ့တဲ့နောက် အောက်တိုဘာ ၄ ရက်နေ့မှာ နေတန်ညာဟုက အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အဆိုပြုချက်မှာတော့ ဟားမားစ်တွေဖက်ကို အဓိက တောင်းဆိုထားတဲ့ အကြောင်းအရာကြီး နှစ်ခု ပါဝင်ပါတယ်။ အဲဒါတွေကတော့ အစ္စရေး ဓားစာခံ အားလုံးကို ပြန်လွှတ်ဖို့၊ ခြွင်းချက်မရှိ လက်နက်ချပြီး ဂါဇာကို ကြီးစိုး အုပ်ချုပ်မှုကို စွန့်ခွာဖို့ ဆိုတာတွေပါ။ ဟားမားစ်ဖက်က ဓားစာခံတွေ လွတ်မြောက်ရေးကိစ္စ စတင် ညှိနှိုင်း ဆွေးနွေးမယ်လို့ ကြေညာထားပေမယ့် လက်နက်ဖြုတ်သိမ်းရေးကိုတော့ သဘောတူ လက်ခံကြောင်းတော့ ကြေညာမထားသေးပါဘူး။

နောက်ပြီး အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းထိ အစ္စရေးဟာ ဂါဇာမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်ရင်း အစုလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်နေဆဲဖြစ်ကြောင်း ဟားမားစ်က စွပ်စွဲပြီး အစ္စရေးကို ရပ်တန့်ဖို့ နိုင်ငံတကာက ဝိုင်းဝန်း ဖိအားပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငြိမ်းချမ်းရေး ဆွေးနွေးမှု အစီအမံတွေနဲ့ ပတ်သက်ပြီး အဲဒီနေ့ ညနေပိုင်းမှာ သူ့ရဲ့ သဘောထား ကြေညာချက်ကို ခပ်တိုတို ထုတ်ပြန်ရာမှာ နေတန်ညာဟုက ကနဦး လိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေ ညှိဖို့အတွက် သူဟာ အီဂျစ်နိုင်ငံဆီ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်မယ်လို့ ပြောပါတယ်။

အစ္စရေး ဓားစာခံ အားလုံးကို ဟားမားစ်ဆီက လက်လွှဲယူနိုင်တဲ့ထိ အစီအစဉ်တွေကို ကာလတို အချိန် အပိုင်းအခြား တစ်ခုအတွင်းမှာ အောင်မြင်အောင် အကောင်အထည် ဖော်ဖို့ ကြိုးစားနေကြောင်း၊ ဓားစာခံအားလုံး လွတ်မြောက်လာပြီ ဆိုတာမျိုးကို ရက်အနည်းငယ်အတွင်း ကြေညာနိုင်ဖို့ မျှော်လင့်ထားကြောင်း သူက ဆိုပါတယ်။

နေတန်ညာဟုက အစ္စရေးတပ်တွေ အားလုံး ဂါဇာကနေ ရုပ်သိမ်းတာမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း အတည်ပြုသွားခဲ့ပါတယ်။ ဒီအခြေအနေဟာ ဟားမားစ်တွေ ကာလရှည်ကြာ တောင်းဆိုထားတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အစ္စရေးဟာ ဂါဇာရဲ့ ထိန်းချုပ်ထားဆဲ အပိုင်းတွေမှာ ဆက်လက် တပ်စွဲထားမှာ ဖြစ်ကြောင်းနဲ့ ဟားမားစ်ကတော့ ငြိမ်းချမ်းရေး သဘောတူညီချက် ဒုတိယအဆင့်မှာ မဖြစ်မနေ လက်နက်ဖြုတ်သိမ်း ခံရမှာဖြစ်ကြောင်း နေတန်ညာဟုက ပြောကြားသွားပါတယ်။

အစ္စရေး စစ်တပ်ကတော့ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေထဲက ပထမအဆင့်အဖြစ် ဓားစာခံတွေ လွှဲပြောင်းမှုကို အကောင်အထည် ဖော်နေချိန် အတောအတွင်းမှာလည်း တိုက်ပွဲဝင်အဆင့် အသင့်ပြင်ဆင်မှုကို တပ်လှန့်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အစ္စရေး စစ်သည်တွေရဲ့ ဘေးကင်းရေးဟာ အရေးအကြီးဆုံး စစ်ဆင်ရေး ရည်မှန်းချက် ဖြစ်တယ်လို့လည်း စစ်တပ်က ဆိုပါတယ်။

လောလောဆယ်မှာတော့ ငြိမ်းချမ်းရေး အစီအမံကိစ္စ ဆွေးနွေးမှုတွေက ဆက်ပြီး ခပ်မြန်မြန် အရှိန်ရလာနေပေမယ့်လည်း အဆိုပြုချက်တွေ ရာနှုန်းပြည့် အထမြောက်တဲ့ထိ အဆင်ချောပါ့မလား ဆိုတာကိုလည်း စိုးရိမ်စိတ်နဲ့ စောင့်ကြည့်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Business Standard

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ဖြတ်ပြီး ‌ကျေးရွာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။