Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအနှံ့ ဓာတ်အားနဲ့ ဓာတ်ငွေ့ ဖြန့်ဝေစနစ်တွေကို ရုရှားတိုက်ခိုက်၊ ၅ ဦးထက်မနည်း သေဆုံး

ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့သလို စွမ်းအင် ဖြန့်ဝေမှုဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့သလို စွမ်းအင် ဖြန့်ဝေမှုဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

ရုရှားဟာ အောက်တိုဘာ ၄ ရက် ညပိုင်းကနေ အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းထိ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုလုပ်ရပ်ကြောင့် အရင်နှစ် ဆောင်းရာသီတွေလိုပဲ ရုရှားဟာ ယူကရိန်းရဲ့ ဓာတ်အားနဲ့ စွမ်းအင် ဖြန့်ဖြူးရေး ကွန်ရက်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာဦးမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

အရင်နှစ်တွေက ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်း အနှံ့မှာ လျှပ်စစ်နဲ့ ဓာတ်ငွေ့ သွယ်တန်းမှုတွေ ပြတ်တောက်ကုန်ပြီး လူသန်းပေါင်း များစွာဟာ ခိုက်ခိုက်တုန်အောင် အေးနေတဲ့ ဆောင်းရာသီကို လျှပ်စစ်မီးမရှိ၊ အနွေးပေးစက် မရှိဘဲ ဖြတ်သန်းခဲ့ကြရပါတယ်။ ဒါဟာ ယူကရိန်း ပြည်သူတွေရဲ့ ခုခံလိုစိတ်ကို ပြိုလဲသွားအောင် ရည်ရွယ်ထားတဲ့ ရုရှားရဲ့ စိတ်ဓာတ်ရေးရာ ထိုးနှက်မှု နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

အခုနောက်ဆုံး တိုက်ခိုက်မှုမှာတော့ ရုရှားဟာ ယူကရိန်း နိုင်ငံအနှံ့က မြို့တွေဆီ စုစုပေါင်း ဒရုန်း ၄၉၆ စီး၊ ဒုံးကျည် ၅၃ စင်း ပစ်ခတ်ခဲ့ပြီး အများစုကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ သူတို့ရဲ့ မကောင်းဆိုးရွား စရိုက်သဏ္ဍန် အမှန်ကို ဟန်ဆောင်ပန်ဆောင် ဖုံးကွယ်ဖို့တောင် မကြိုးစားတော့ကြောင်း၊ ဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ် အများစုဟာ အရပ်ဖက်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ၊ သမားရိုးက အခြေခံ အဆောက်အအုံတွေသာဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသွားပါတယ်။

အထူးသဖြင့် ရှေ့တန်း စစ်မြေပြင်နဲ့ ကီလိုမီတာ ရာပေါင်းများစွာ ကွာလှမ်းပြီး ယူကရိန်း အနောက်ခြမ်းမှာ တည်ရှိနေတဲ့ လာဗစ်ဗ်မြို့ဟာ စစ်ပွဲကာလ တလျှောက်လုံးမှာ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေက ဓာတ်အားပေး ယူနစ်တွေကို ထိမှန်တာကြောင့် လာဗစ်ဗ် အပါအဝင် နိုင်ငံအနှံ့မှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ စုစုပေါင်း အသေအပျောက် ၅ ဦးထဲမှာ ၄ ဦးက လာဗစ်ဗ်မှာရှိတဲ့ မိသားစု တစ်ခုတည်းကလို့လည်း သိရပါတယ်။ နောက်ထပ် သေဆုံးသူ ၁ ဦးကတော့ ယူကရိန်းတောင်ပိုင်းက ရှေ့တန်းစစ်မြေပြင်နဲ့ သိပ်မဝေးတဲ့ ဇာပေါ့ရစ်ဇီရာ ဒေသမှာ ဖြစ်ပါတယ်။

အခုအခါ ရုရှားဟာ ယူကရိန်းရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေ၊ ဓာတ်အားနဲ့ ဓာတ်ငွေ့ ဖြန့်ဖြူးရေး စနစ်တွေကို ဖျက်ဆီးဖို့ ပြောင်ကျကျ အတိအလင်း ကြိုးစားလာနေပြီလို့ ဇီလန်စကီးက စွပ်စွဲခဲ့ပါတယ်။ ရုရှားက အခုလို ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုနေတဲ့တိုင် ကမ္ဘာကြီးဆီကနေ တကယ် စစ်မှန်တဲ့ တုံ့ပြန်မှုမျိုး မမြင်ရတာကိုလည်း သူက ဝေဖန်ခဲ့ပြီး ရုရှားအပေါ် ပိုမိုထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ပေးကြဖို့ တိုက်တွန်းသွားပါတယ်။

ရုရှားစစ်တပ်ကတော့ အဲဒီတိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ၊ အဲဒီ စက်ရုံတွေအတွက် ဓာတ်အား ထောက်ပံ့နေတဲ့ ယူနစ်တွေကို ဦးတည်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှု အတောအတွင်း ယူကရိန်းရဲ့ ပိုလန်နိုင်ငံဟာလည်း တိုက်လေယာဉ်တွေကို အသင့်ပြင်ဆင်ထားပြီး မြေပြင်က လေကြောင်းကာကွယ်ရေး စနစ်တွေကိုလည်း တပ်လှန့်ထားခဲ့ပါတယ်။ ပိုလန်ဟာ ပြီးခဲ့တဲ့ လတုန်းကလည်း အလားတူ အခြေအနေမှာ နိုင်ငံပိုင်နက်ထဲ ရုရှားဒရုန်းတွေ နယ်ကျွံ ဝင်ရောက်လာလို့ ပစ်ချခဲ့ရဖူးပါတယ်။

ယူကရိန်းကတော့ ရုရှားဟာ ဆောင်းရာသီ နီးကပ်လာတာနဲ့အမျှ ယူကရိန်းရဲ့ ဓာတ်အားပေး ကွန်ရက်တွေကိုသာ မကဘဲ ရထားလမ်းတွေကိုပါ ဖျက်ဆီးဖို့ ပိုမို အားထုတ်လာနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံ အရှေ့ပိုင်းက ယူကရိန်း တပ်တွေကို နောက်တန်းနဲ့ အဆက်ဖြတ်နိုင်စေဖို့ ဖြစ်ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့တုန်းကလည်း ရုရှားဟာ ယူကရိန်း အရှေ့မြောက်ပိုင်း ဆူမီဒေသမှာ ခရီးသည်တင် ရထားနှစ်စီးကို ရုရှားက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ၁ ဦးသေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားမှာ အထင်တကြီး စောင့်ကြည့် ခံနေရတဲ့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်ဟာ ပွဲဦးထွက် မိတ်ဆက်တဲ့ အခမ်းအနားမှာတင် ဟပ်ထိုးမှောက်ခုံလဲပြီး အရှက်ကွဲခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ မျိုးဆက်သစ် ဟိုက်ပါဆောနစ် ဒုံးကျည် တပ်ဆင်ထားတဲ့ တိုက်လေယာဉ် တစ်စီးကို ခိုးယူဖို့ ယူကရိန်းနဲ့ ဗြိတိန်တို့ ပူးပေါင်း ကြံစည်ခဲ့ကြောင်း ရုရှား ထောက်လှမ်းရေးဌာန (FSB)က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အန်ဂျလီနာ ဂျိုလီရဲ့ ယူကရိန်းနိုင်ငံ ခရီးစဉ် အတောအတွင်း သူ့ရဲ့ ယာဉ်မောင်းတစ်ဦးကို စစ်တပ်က တားဆီးပြီး စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။