သူအဆိုပြုထားတဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအမံရဲ့ ပထမအဆင့်ကို အစ္စရေးရော၊ ဟားမားစ် ပြောက်ကျားတွေကပါ သဘောတူ လက်ခံလိုက်ပြီ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာပါတယ်။
အဲဒီ သဘောတူညီချက် ပထမအဆင့်တွေမှာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးနဲ့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံအားလုံး ပြန်လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။ ဂါဇာစစ်ပွဲ ၂ နှစ်ပြည့်ပြီး ၁ ရက်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာတော့ စစ်ပွဲကို အလုံးစုံ ရပ်ဆိုင်းနိုင်ရေးအတွက် ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ စတင်ရရှိလာတာ ဖြစ်တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။
ဟားမားစ်နဲ့ အစ္စရေးတို့ဟာ ထရမ့်ရဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ အခု သီတင်းပတ် အစောပိုင်းကစလို့ အီဂျစ်နိုင်ငံမှာ ဆွေးနွေးနေခဲ့တာပါ။ ဆွေးနွေးမှုတွေရဲ့ တတိယနေ့ဖြစ်တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာတော့ ထရမ့်က စေလွှတ်တဲ့ အရှေ့အလယ်ပိုင်းရေးရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာတို့ပါ အီဂျစ်က ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ကြပါတယ်။
ထရမ့်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအမံမှာ အပိုင်းတွေ ဦးစားပေးနဲ့ ရေရှည်အတွက် ခွဲခြားဆောင်ရွက်ရမယ့် အချက်ပေါင်း ၂၀ ပါဝင်ပါတယ်။ အခုတော့ ပထမအဆင့် အဆိုပြုချက်တွေကို နှစ်ဖက်စလုံးက အကောင်အထည်ဖော်ဖို့ သဘောတူလိုက်ကြတာပါ။

Public Service Announcement
ဒါပေမဲ့ အရင်ကလည်း ဂါဇာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ ရာနှုန်းပြည့် အကောင်အထည် မဖော်နိုင်ခဲ့တာမျိုး ရှိခဲ့တာကြောင့် ထရမ့်ရဲ့ အစီအမံကလည်း ဘယ်အတိုင်းအတာထိ အောင်မြင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ လေ့လာသူတွေ သုံးသပ်ခဲ့ပါတယ်။ တကယ်လို့ ထရမ့်ဟာ ၂ နှစ်ကျော်ကြာ စစ်ပွဲကြီးကို အမှန်တကယ် ရပ်တန့်စေနိုင်ခဲ့မယ် ဆိုရင်တော့ သူ့ရဲ့ သံတမန်ရေးရာ မဟာအောင်ပွဲတစ်ခု ဖြစ်လာမယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ထရမ့်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အမေရိကန် အဆိုပြုတဲ့ ငြိမ်းချမ်းရေး အစီအမံကို သဘောတူ လက်မှတ်ရေးထိုးလိုက်တဲ့အတွက် သူသိပ်ဂုဏ်ယူနေတယ်လို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်း Truthမှာ ရေးသားထားခဲ့ပါတယ်။
အခု သဘောတူညီမှုရဲ့ အဓိပ္ပါယ်ကတော့ အစ္စရေး ဓားစာခံ အားလုံးဟာ မကြာခင် ပြန်လွတ်လာမှာဖြစ်ပြီး အစ္စရေးကလည်း စစ်တပ်တွေကို သဘောတူ လက်ခံထားတဲ့ အခြေအနေ တစ်ခုထိ ရုပ်သိမ်းပေးမှာ ဖြစ်ကြောင်း၊ အဲဒီကမှတဆင့် အဓွန့်ရှည် ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးနိုင်မှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း ဘုရားသခင်ရဲ့ ကူညီ စောင်မမှုနဲ့အတူ ဓားစာခံတွေ အားလုံးကို အိမ်ပြန်ခေါ်နိုင်တော့မယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ ဟားမားစ်တွေကလည်း စစ်ပွဲရပ်ဆိုင်းရေးဆီ ဦးတည်နေတဲ့ ဆွေးနွေးမှု တစ်ခုအတွက် သဘောတူနိုင်ခဲ့ကြောင်း သီးခြား ကြေညာပါတယ်။
အစောပိုင်းမှာတော့ ထရမ့်က သူဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ ပတ်သက်လို့ အီဂျစ်ကို ကိုယ်တိုင် သွားရောက်ဖွယ်ရှိပြီး အဲဒီ ခရီးစဉ်ဟာ အစောဆုံး အောက်တိုဘာ ၁၁ ရက်နေ့လောက်မှာ ဖြစ်နိုင်တယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။
ဆွေးနွေးမှုတွေမှာ နှစ်ဖက်စလုံးကို မျှမျှတတ ဆက်ဆံခဲ့ကြောင်း၊ ဒါဟာ အာရပ်နဲ့ မွတ်ဆလင် ကမ္ဘာအတွက်၊ အစ္စရေးနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေအတွက်၊ အမေရိကန်အတွက် ကောင်းမွန်ခမ်းနားတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ကြောင်း၊ ဆွေးနွေးမှုမှာ ပါဝင်ကူညီပေးခဲ့တဲ့ ကာတာ၊ အီဂျစ်နဲ့ တူရကီ အစိုးရတွေကိုလည်း ကျေးဇူးတင်ကြောင်း ထရမ့်က ဆိုပါတယ်။
နိုင်ငံတကာရေးရာ စောင့်ကြည့် လေ့လာသူတွေကတော့ အခုအခါ ဂါဇာစစ်ပွဲ ရပ်ဆိုင်းဖို့ ခြေတစ်လှမ်း ပိုနီးသွားတာ မှန်ပေမယ့် ဘယ်အချိန်လောက်မှာ အပြီးသတ်နိုင်မလဲ ဆိုတာနဲ့ စစ်ပြီးကာလ ဂါဇာရဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ဟားမားစ်ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အသေးစိတ် အကြောင်းအရာတွေ အခုသဘောတူညီမှုမှာ မပါသေးတာကိုတော့ ထောက်ပြထားကြပါတယ်။
ကိုးကား: Reuters




















































