အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ အစွမ်းထက် စစ်လက်နက်တွေ ပိုမိုတိုးပွား ရရှိနိုင်ရေးအတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ကတော့ မကြာခင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ လူချင်းတွေ့ဆုံကြမယ့် ကိစ္စအပေါ် ပိုပြီး အာရုံစိုက်နေဟန် ရှိတာကြောင့် ယူကရိန်းအတွက် အမေရိကန်က စစ်လက်နက်တွေ ထပ်မံပံ့ပိုးရေး ကိစ္စဟာ မရေမရာ ဖြစ်နေဆဲလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ထရမ့်ဟာ အောက်တိုဘာ ၁၇ ရက်နေ့က အိမ်ဖြူတော်မှာ ဇီလန်စကီးနဲ့ မတွေ့ခင် တစ်ရက်မှာ ပူတင်နဲ့ ဖုန်းပြောခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ဆွေးနွေးမှုတွေဟာ အများကြီး အပြုသဘော ဆန်ခဲ့ပြီး မကြာခင် ဟန်ဂေရီမှာ သူနဲ့ ပူတင်တို့ လူချင်းတွေ့ဆုံကြမယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
အဲဒီ ဖုန်းဆက် ဆွေးနွေးမှုဟာ ဇီလန်စကီးရဲ့ ဝါရှင်တန်ဒီစီမြို့တော် ခရီးစဉ်အပေါ် အများကြီး သက်ရောက်မှု ရှိလာပါတယ်။ ဇီလန်စကီးဟာ အမေရိကန်ရဲ့ အစွမ်းထက် Tomahawk ခရုစ်ဒုံးကျည်တွေ အပါအဝင် စစ်လက်နက်တွေ အထောက်အပံ့ တိုးမြှင့်ရရှိနိုင်ရေးအတွက် ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ပူတင်ကို စစ်ရပ်ဆိုင်းစေဖို့ ဆွဲဆောင်နိုင်မယ် ထင်သလားလို့ ဇီလန်စကီးနဲ့ မတွေ့ဆုံခင်မှာ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ထရမ့်က ခေါင်းညှိတ်ခဲ့ပြီး ကိစ္စတွေက အခြေအနေ အတော်လေး ကောင်းလာနေတယ်လို့ တုံ့ပြန်သွားပါတယ်။
ဇီလန်စကီးကတော့ အပစ်အခတ် ရပ်စဲရေးကိစ္စ အားထုတ်မှုတိုင်းက ခက်ခဲလွန်းလိမ့်မယ်လို့ ဆိုပါတယ်။ ယူကရိန်းက ဒါကို လိုလားပေမယ့် ပူတင်ကတော့ အလိုရှိမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ထရမ့်နဲ့ ဇီလန်စကီးတို့ တွေ့ဆုံပွဲကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မတ်ခ်ရူဘီရို၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ အမေရိကန် အစိုးရက ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ်တို့ တက်ရောက်ခဲ့ပါတယ်။ ဇီလန်စကီးကတော့ အမေရိကန်ဆီက Tomahawk ဒုံးကျည်တွေကို မျှော်လင့်မိကြောင်း တိုက်ရိုက်ကျကျပဲ ဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းမှာ Tomahawkတွေ မရှိကြောင်း၊ အဲဒီစစ်လက်နက်တွေကို ယူကရိန်းက လိုချင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။ Tomahawkတွေ အကြောင်းကိုလည်း စကားပြောကြမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အမေရိကန်ဟာ အဲဒီလက်နက်တွေ သုံးစရာမလိုတဲ့ ဖြေရှင်းမှုမျိုးကို ပိုလိုလားကြောင်း ထရမ့်က တုံ့ပြန်ခဲ့ပါတယ်။ လောလောလတ်လတ်မှာတော့ အဲဒီဒုံးကျည်တွေ ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ကို ထရမ့်က ငြင်းဆန်သွားတဲ့ သဘောပါ။
ထရမ့်မတိုင်ခင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းရဲ့ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပေမယ့် ထရမ့်ကတော့ သူ့ကိုယ်သူ ကြားဝင် ညှိနှိုင်းသူအဖြစ် ပုံဖော်နေပါတယ်။ သမ္မတ ဇီလန်စကီးရော၊ သမ္မတ ပူတင်ပါ စစ်ပွဲကို ရပ်ချင်ကြတယ်လို့ သူထင်ကြောင်း၊ အခုလောလောဆယ် သူတို့နှစ်ယောက်စလုံး တေ့တေ့ဆိုင်ဆိုင် စကားပြောကြတာမျိုးကို နည်းနည်း တွန်းအားပေးဖို့ လိုနေကြောင်း ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်နဲ့ ပူတင်တို့ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် ဘူဒါပက်စ်မှာ တွေ့ဆုံကြမယ် ဆိုတာကို ရုရှားနဲ့ ဟန်ဂေရီ အစိုးရတွေကလည်း အတည်ပြုထားပေမယ့် ရက်အတိအကျ မကြေညာနိုင်သေးပါဘူး။ ထရမ့်က ၂ ပတ်အတွင်း အထမြောက်စေဖို့ တောင်းဆိုထားပေမယ့် အဲဒီထက် အချိန်ယူရနိုင်တယ်လို့ ရုရှားဖက်က မှတ်ချက်ပေးထားပါတယ်။
ဇီလန်စကီးဟာ တစ်ကြိမ်တုန်းက အိမ်ဖြူတော်မှာ ထရမ့်၊ ဗန့်စ်တို့နဲ့ လူသိရှင်ကြား စကားများခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ နှစ်ဖက်ကြား ပြန်ပြေလည်ခဲ့ပါတယ်။ အဲဒီတုန်းက ထရမ့်နဲ့ နီးစပ်တဲ့ သတင်းထောက် တစ်ယောက်က ဇီလန်စကီး အနေနဲ့ အိမ်ဖြူတော်လို နေရာကို ဘာကြောင့် အနောက်တိုင်း ဝတ်စုံ မဝတ်ဘဲ လာခဲ့သလဲလို့ မေးခဲ့ဖူးပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ တွေ့ဆုံမှုမှာတော့ ထရမ့်က ဇီလန်စကီးရဲ့ ဝတ်စားဆင်ယင်မှုကို သဘောကျကြောင်း မှတ်ချက်ပေးသွားပါတယ်။
ဇီလန်စကီးဟာ သူ့ဂျာကင်နဲ့ အတော်လေး ကြည့်ကောင်းကြောင်း၊ တကယ့်ကို စတိုင်ကျကြောင်း၊ သူသဘောကျကြောင်း ထရမ့်က သတင်းထောက်တွေဆီ ပြောကြားသွားပါတယ်။
ဇီလန်စကီးကတော့ ထရမ့်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားတွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ကြားဝင် ညှိနှိုင်းပေးနိုင်ခဲ့တာကို အလေးအနက် ချီးကျူးသွားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AP



















































