Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်ရဲ့ တာဝေးပစ် ဒုံးကျည်ကိုသုံးပြီး ရုရှား ဓာတုပစ္စည်း စက်ရုံကို ယူကရိန်း တိုက်ခိုက်ဖျက်ဆီး

ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ နည်းပညာမြင့် တာဝေးပစ် ခရုစ်ဒုံးကျည်ကို အသုံးပြုပြီး ရုရှား ဓာတုပစ္စည်း စက်ရုံတစ်ခုကို ယူကရိန်းက တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ နည်းပညာမြင့် တာဝေးပစ် ခရုစ်ဒုံးကျည်ကို အသုံးပြုပြီး ရုရှား ဓာတုပစ္စည်း စက်ရုံတစ်ခုကို ယူကရိန်းက တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်း စစ်တပ်က Storm Shadow ဒုံးကျည်ကို အသုံးပြုခဲ့တဲ့ အဲဒီ စစ်ဆင်ရေးဟာ ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိခိုက် ပျက်စီးစေခဲ့တယ်လို့ ပြောပါတယ်။ Storm Shadow ဒုံးကျည်ဟာ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ထောက်လှမ်းနိုင်မှုကို ရှောင်ရှားပြီး ပစ်မှတ်ဆီ ရောက်ရှိခဲ့တာလို့ ယူကရိန်းက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းကို တာဝေးပစ် ခရုစ်ဒုံးကျည်တွေ ထောက်ပံ့တာမျိုး မလုပ်ဖို့ ရုရှားက သတိပေးထားပေမယ့် ယူကရိန်းကတော့ အဲဒီ အဆင့်မြင့် စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားရဲ့ ရေနံ၊ ဓာတုထုတ်ကုန်နဲ့ စွမ်းအင်ဆိုင်ရာ စက်ရုံတွေကို အခါအားလျော်စွာ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ယူကရိန်းက ရုရှားရဲ့ ရေနံချက်စက်ရုံနဲ့ ဓာတုစက်ရုံတွေကို ပစ်မှတ်ထား ဖျက်ဆီးနေတာဟာ ရုရှား စီးပွားရေးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာစေတယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ကြပါတယ်။ စစ်စရိတ် ထောင်းနေတဲ့ ရုရှားဟာ ရေနံတင်ပို့ရောင်းချမှုတွေကနေ ပြည်ပဝင်ငွေ အဓိက ရှာဖွေနေပေမယ့် ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်တွင်းမှာတောင် စွမ်းအင် ပြတ်လပ်မှု ပြဿနာတွေ ကြုံလာနေရပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်တပ်က လူမှုကွန်ရက် မီဒီယာ Xမှာ အောက်တိုဘာ ၂၁ ရက်နေ့က ရေးသား ကြေညာထားရာမှာတော့ ဘရင့်စ်ခ်မြို့မှာရှိတဲ့ ဓာတုပစ္စည်း စက်ရုံကို Storm Shadow ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီ စက်ရုံဟာ ကျူးကျော်သူ ရုရှားနိုင်ငံရဲ့ စစ်မက်ရေးရာ စက်မှုကဏ္ဍအတွက် အရေးပါတဲ့ အဆောက်အအုံ တစ်ခုဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ယူကရိန်း စစ်ပွဲမှာ ရုရှားစစ်တပ် အသုံးချနေတဲ့ ယမ်းမှုန့်၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဒုံးကျည် လောင်စာတွေကို အဲဒီ စက်ရုံကနေ ထုတ်လုပ်ပေးနေတာလို့လည်း ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။

ရုရှားဖက်ကတော့ ဘရင့်စ်ခ် ဓာတုပစ္စည်းစက်ရုံ တိုက်ခိုက်ခံရတဲ့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ အောက်တိုဘာ ၂၂ ရက် အရုဏ်မတက်ခင်မှာ ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Storm Shadow ဒုံးကျည်တွေကို ဗြိတိန်နဲ့ ပြင်သစ် စစ်တပ်တွေက အသုံးပြုပြီး ဗြိတိန်ဗားရှင်းက တိုက်လေယာဉ်ပေါ်ကနေ ပစ်ခတ်ရတာ ဖြစ်ပါတယ်။ ပြင်သစ်မှာသုံးတဲ့ မျိုးကွဲကတော့ တိုက်လေယာဉ်တွေအပြင် ပြင်သစ်ရေတပ်ရဲ့ ရေပေါ်နဲ့ ရေငုပ်သင်္ဘောတွေမှာပါ တပ်ဆင်နိုင်ပါတယ်။

Storm Shadow ဒုံးကျည် တစ်စင်းကို တိုက်လေယာဉ်ပေါ်ကနေ ပစ်ခတ်လိုက်တဲ့အခါ ရေဒါတွေက ထောက်လှမ်းနိုင်စွမ်း မရှိလောက်တဲ့ အနိမ့်မျိုးကနေ လမ်းကြောင်းရှာပြီး ပစ်မှတ်ဆီ ပျံသန်းပါတယ်။ လမ်းခရီး တလျှောက်က အတားအဆီးတွေကို ရှောင်ကွင်းဖို့အတွက် အဲဒီဒုံးကျည်ဟာ ကမ္ဘာလုံးဆိုင်ရာ မြေပုံစနစ် GPSနဲ့ ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင် အာရုံခံ စနစ်တွေကို အသုံးပြုပါတယ်။ ပြီးတော့ ဒုံးကျည် ထိပ်ဖူးမှာ တပ်ဆင်ထားတဲ့ ကင်မရာက အမှန်တကယ် တိုက်ခိုက်ချင်တဲ့ ပစ်မှတ် ဟုတ်မဟုတ် နောက်ဆုံး အတည်ပြုပြီးတော့မှ ပစ်မှတ်ကို ဖျက်ဆီးတာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ၄၅၀ ကီလိုဂရမ်လောက် လေးတဲ့ ထိပ်ဖူးကို တင်ဆောင်ပြီး ကီလိုမီတာ ၅၅၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားနိုင်ငံ အတွင်းပိုင်းထိ တိုက်ခိုက်နိုင်မယ့် တာဝေးပစ် စစ်လက်နက်တွေ ပိုမို ထောက်ပံ့ပေးဖို့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို တောင်းဆိုထားပြီး အထူးသဖြင့် အမေရိကန်ရဲ့ နာမည်ကျော် Tomahawk ခရုစ်ဒုံးကျည်တွေ ရောင်းချပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ထရမ့်က ယူကရိန်းရဲ့ တောင်းဆိုမှုကို ငြင်းဆိုထားဆဲပါ။ Tomahawkတွေဟာ ကီလိုမီတာ ၂၅၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်တာကြောင့် အဲဒီလက်နက်တွေကိုသာ ရခဲ့မယ်ဆိုရင် ရုရှားရဲ့ မြို့တော် မော်စကိုထိ ယူကရိန်းက တိုက်ခိုက်ဖို့ လက်လှမ်းမီလာမယ့် သဘောပါပဲ။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။