Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ မျက်ကွယ်မှာ သေဒဏ်ချမှတ်ခံရ

ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုက မျက်ကွယ်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုက မျက်ကွယ်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဟာဆီနာဟာ မနှစ်တုန်းက သူဦးဆောင်တဲ့ အစိုးရကို ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွင်းဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲခံရပြီး အဲဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (TBC)က စွပ်စွဲချက်အတွက် ဟာဆီနာမှာ ပြစ်မှုထင်ရှားတယ်လို့ သတ်မှတ်ပြီး မျက်ကွယ် သေဒဏ် စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ဟာဆီနာ ကိုယ်တိုင်ကတော့ ၂၀၂၄ ဩဂုတ်လဆန်းမှာ နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်သွားခဲ့ရချိန် ကတည်းက အိန္ဒိယမှာ ခိုလှုံနေခဲ့ပါတယ်။

ဟာဆီနာ ခေတ်အလွန်မှာ အာဏာရလာတဲ့ ကြားကာလ ယာယီ အစိုးရ လက်ထက်မှာတော့ ဆန္ဒပြမှုတွေ အတောအတွင်း အာဏာပိုင်တွေရဲ့ အကြမ်းဖက် တုံ့ပြန်မှုတွေကို ပြန်လည် စစ်ဆေးခဲ့ပြီး အစိုးရ ရှေ့နေတွေက ဟာဆီနာဟာ ရာနဲ့ချီတဲ့ အရပ်သား ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း စွဲချက်တင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့တဲ့ ဆန္ဒပြ ပြည်သူတွေရဲ့ မိသားစုဝင် အများအပြားကလည်း ဟာဆီနာကို အမြင့်ဆုံး ပြစ်ဒဏ်မျိုး ချမှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဟာဆီနာကတော့ သူ့အပေါ် စွဲချက် အားလုံးကို ငြင်းဆိုခဲ့ပြီး တစ်ဖက်သတ် ဘက်လိုက်တဲ့ စီရင်ဆုံးဖြတ်မှုတွေသာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

လတွေနဲ့ချီ အချိန်ယူ စစ်ဆေးခဲ့တဲ့ တရားခွင်မှာ ဟာဆီနာဟာ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ် ခံရလိမ့်မယ်လို့ အများစုက ကြိုတင် တွက်ဆထားပြီးသားပါ။ ဒါပေမဲ့ သေဒဏ် စီရင်ချက် ချမှတ်ခဲ့တယ် ဆိုတာကတော့ ဝန်ကြီးချုပ် သက်တမ်း နှစ်ကြိမ်အတွင်း ဟာဆီနာက နှစ်ပေါင်း ၂၀ အုပ်ချုပ်ခဲ့ဖူးတဲ့ နိုင်ငံအတွက်တော့ ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

ဟာဆီနာဟာ ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို ၁၅ နှစ်ဆက်တိုက် အုပ်ချုပ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ နိုင်ငံရဲ့ စီးပွားရေးက သိသိသာသာ တက်ရိပ်ပြလာပေမယ့် အတိုက်အခံတွေကို ဖိနှိပ်မှုတွေ ဆိုးရွားလာခြင်းနဲ့အတူ အာဏာရှင် တစ်ဦးအဖြစ် ကူးပြောင်းလာကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သူ့ကို ပြစ်ဒဏ်ချမှတ်တဲ့ စာ ၅ မျက်နှာပါ စီရင်ချက် ထွက်ပေါ်လာတဲ့နောက် ဟာဆီနာက တကယ်တမ်းမှာ ယာယီ အစိုးရဟာ သူ့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အေဝါမီ အဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ချင်လို့ လီဆယ်စွပ်စွဲနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သူဦးဆောင်ခဲ့တဲ့ အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတွေအတွက် သူက ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

သူက တကယ်လို့ တရားမျှတပြီး ဘက်လိုက်မှု ကင်းရှင်းတာ သေချာတဲ့ တရားခွင် တစ်ခုမှာဆိုရင် သူ့ကို စွပ်စွဲသူတွေနဲ့ ရဲရဲကြီး ရင်ဆိုင်ဖြေရှင်းရဲတယ်လို့လည်း ဟာဆီနာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက အစိုးရရဲ့ အလုပ်အကိုင်နေရာ ခွဲတမ်း သတ်မှတ်မှု အစီအမံ တစ်ခုကို မကျေနပ်လို့ ကျောင်းသားတွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့တာကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက အခြေအနေတွေ ရှုပ်ထွေးသွားပြီး အဆုံးမှာတော့ အစိုးရ ပြုတ်ကျတဲ့အထိ ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းမှု အရာရှိတွေကတော့ အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်မှာ လူ ၁၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းခဲ့ပြီး အာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုတွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း မြောက်လောက်တဲ့အထိ ပြင်းထန်ခဲ့ကြောင်းလည်း သုံးသပ်ထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၅.၅ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံတကာ

မျက်ကွယ်မှာ သေဒဏ်စီရင် ချမှတ်တာ ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း သူ့အပေါ် စွပ်စွဲချက်တွေက မမှန်ကန်ပါဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ငြင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဒါကာမြို့တော် နိုင်ငံတကာ လေဆိပ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လေကြောင်း ခရီးစဉ် တချို့ ဆိုင်းငံ့ခံရတာ၊ ဖျက်သိမ်းခံရတာမျိုး အခြေအနေတွေ ကြုံခဲ့ပါတယ်။

Facebook