Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ပေးပို့တဲ့ စစ်ရပ်စဲရေး အဆိုပြုချက်သစ်မှာ ဒွန်းဘက်စ်ကို ယူကရိန်း စွန့်လွှတ်ဖို့ ထပ်တောင်းဆိုထား

အမေရိကန်ဆီက ထပ်မံပေးပို့တဲ့ စစ်ရပ်စဲရေး အဆိုပြုချက်မှာလည်း ယူကရိန်း အနေနဲ့ ဒွန်းဘက်စ်ဒေသကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ ပါဝင်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

အမေရိကန်ဆီက ထပ်မံပေးပို့တဲ့ စစ်ရပ်စဲရေး အဆိုပြုချက်မှာလည်း ယူကရိန်း အနေနဲ့ ဒွန်းဘက်စ်ဒေသကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ ပါဝင်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို အပြီးရပ်ဆိုင်းစေဖို့ ငြိမ်းချမ်းရေး အဆိုပြုချက် တစ်ခုကို ယူကရိန်းဆီ ပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာ ပါဝင်တဲ့ အချက်အလက် အတော်များများဟာ ယူကရိန်းအတွက် တစ်ဖက်သတ် နစ်နာစေတာကြောင့် ငြိမ်းချမ်းရေး အဆိုပြုချက်နဲ့ မတူဘဲ ရုရှားဖြစ်ချင်တာတွေချည်း ချရေးထားတဲ့ စာရင်းနဲ့ ပိုတူနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့်လည်း အမေရိကန် အစိုးရဟာ ယူကရိန်းနဲ့ ပြန်ဆွေးနွေးပြီး အသစ်ပြန်လည် ရေးဆွဲထားတဲ့ အဆိုပြုချက်ကို ဇီလန်စကီးဆီ ထပ်မံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်အဆိုပြုချက်ဟောင်းလိုပဲ အသစ်ထဲမှာလည်း ယူကရိန်းက ဒွန်းဘက်စ်ဒေသ တစ်ခုလုံးကို စွန့်လွှတ်ဖို့ ထရမ့်က ထည့်သွင်း သတ်မှတ် တောင်းဆိုထားတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ဒွန်းဘက်စ်ဆိုတာဟာ ယူကရိန်းနိုင်ငံ အရှေ့ဖျားက ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေပါဝင်တဲ့ ကျယ်ပြန့်တဲ့ ဧရိယာကို ခေါ်ဝေါ်တာပါ။ လက်ရှိမှာ ဒွန်းဘက်စ်ရဲ့ ၈၅ ရာခိုင်နှုန်းကို ရုရှားက ထိန်းချုပ်ထားပေမယ့် ယူကရိန်းတပ်တွေလည်း လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ ယူကရိန်းက ဒွန်းဘက်စ်ဒေသ တစ်ခုလုံးကို လက်လွှတ်ပေးမှသာ စစ်ရပ်စဲရေး ဆွေးနွေးမှုတွေ လက်တွေ့ ဖြစ်လာနိုင်မယ်လို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရဟာ ဒွန်းဘက်စ်ကို လွတ်လပ်တဲ့ စီးပွားရေးဇုန် တစ်ခုအဖြစ် သတ်မှတ် ထားရှိပြီး ယူကရိန်း တပ်တွေကို ရုပ်သိမ်းစေဖို့ အဆိုပြုထားခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ အဲဒီ အချက်တွေထဲက အတော်များများဟာ အပြီးသတ် ဆွေးနွေးရမယ့် အပိုင်းတွေ ကျန်နေဆဲဖြစ်ပြီး ယူကရိန်းဖက်က တိတိကျကျ ဆန်းစစ်လေ့လာပြီး ခရစ္စမတ် မတိုင်ခင် အကြောင်းပြန်ဖို့ ထရမ့်က လိုလားနေတယ်လို့လည်း သူက ဆိုပါတယ်။

အထူးသဖြင့် စစ်ရပ်စဲရေးအတွက် နယ်မြေတွေ ခွဲခြမ်းဖို့ ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေအတွက် တိကျတဲ့အဖြေ မရှိသေးကြောင်း ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။ သူက ရုရှားဟာ ဒွန်းဘက်စ် ဒေသ တစ်ခုလုံးကို လိုချင်နေကြောင်း၊ ဒါပေမဲ့ သေချာတာကတော့ ယူကရိန်းဟာ ဒါကို လက်မခံနိုင်ကြောင်းလည်း ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ် ကတည်းက ရုရှားရဲ့ လက်ဝေခံ ခွဲထွက်ရေး တပ်တွေဟာ ဒွန်းဘက်စ်မှာ ယူကရိန်းနဲ့ စစ်ခင်းနေခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကို အသုံးချပြီး ရုရှားက အဲဒီဒေသ တစ်ခုလုံးကို တရားဝင် သိမ်းသွင်းယူဖို့ စိုင်းပြင်းလာနေတာ ဖြစ်ပါတယ်။

ယူကရိန်းကတော့ ရှိရင်းစွဲ ရပ်တည်မှုဟာ မျှတတယ်လို့ ယုံကြည်တာကြောင့် ဆက်လက် ဆွဲကိုင်ထားကြောင်း၊ ကွဲပြားတဲ့ ရှုထောင့်တွေကနေ ဆွေးနွေးမှုတွေ ရှိနေပေမယ့် ကိစ္စတော်တော်များများကိုတော့ မဆုံးဖြတ်နိုင်သေးကြောင်း ဇီလန်စကီးက ဆိုပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်မှာတော့ ဒွန်းဘက်စ်ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာပေးပြီးရင် လွတ်လပ်တဲ့ စီးပွားရေးဇုန်တစ်ခု ထူထောင်ဖို့ ဆိုတာကို ထည့်သွင်းဖော်ပြထားတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဇုန်ကို ဘယ်သူက ထိန်းချုပ်မှာလဲ ဆိုတာနဲ့ နှစ်ဖက်စလုံးက တပ်တွေက မျှမျှတတ ရုပ်သိမ်းမှာလား ဆိုတာတွေဟာ အရမ်းအရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်လာလိမ့်မယ်လို့ ဇီလန်စကီးက ထောက်ပြသွားပါတယ်။

လွတ်လပ်တဲ့ စီးပွားရေးဇုန် ထူထောင်ပြီး ယူကရိန်းတပ်တွေ ဆုတ်ခွာသွားချိန်မှာ ရုရှားတပ်တွေကရော ရှေ့ဆက်တိုးလာမလား ဆိုတာမျိုးတွေက စိုးရိမ်စရာ မေးခွန်းတွေဖြစ်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်က အသစ်ပေးပို့တယ်ဆိုတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် အကြောင်းကို အသေးစိတ် မှတ်ချက် မပေးသေးပါဘူး။ အမေရိကန်၊ ဥရောပနဲ့ ယူကရိန်း အရာရှိတွေဟာ ထရမ့်ရဲ့ စစ်ရပ်စဲရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး အခုသီတင်းပတ်ကုန်ကျရင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ နောက်ဆက်တွဲ ဆွေးနွေးကြဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြသူတွေကို သတ်ဖြတ်နေမယ်ဆိုရင် အမေရိကန် အစိုးရရဲ့ စွက်ဖက်မှုနဲ့ ကြုံရလိမ့်မယ်လို့ အီရန်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ အောင်ပွဲခံနိုင်မယ်ဆိုတာ ယုံကြည်ကြဖို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့ကြီးသုံးခုမှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်တွေကို ပြန်ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစွမ်းထက် ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားသစ် Oreshnikကို အိမ်နီးချင်း ဘီလားရုစ် နိုင်ငံမှာ စတင် ဖြန့်ကျက်ထားကြောင်း ရုရှားက ကြေညာခဲ့ပါတယ်။