ဒီဇင်ဘာ – ၂၂၊၂၀၂၅
ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှား စစ်ဗိုလ်ချုပ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ဒုတိယ ဗိုလ်ချုပ်ကြီး ဖာနဲလ် ဆာဗာရော့ဗ်ဟာ ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းက ပေါက်ကွဲမှု တစ်ခုအတွင်း သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ပါတယ်။
ကားတစ်စီးရဲ့ အောက်ဖက်မှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေး ကိရိယာက ထပေါက်ရာက ဆာဗာရော့ဗ် သေဆုံးခဲ့တယ်လို့ ကော်မတီက ပြောပါတယ်။

Public Service Announcement
အသက် ၅၆ နှစ်အရွယ် ဆာဗာရော့ဗ်ဟာ ရုရှားကြည်းတပ်ရဲ့ စစ်ဆင်ရေး လေ့ကျင့်မှု ဌာနကို အဓိက ဦးဆောင်နေသူ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ အဓိက လက်သည်ဟာ ယူကရိန်း ထောက်လှမ်းရေးဌာန ဖြစ်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမယ့် ယူကရိန်းကတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
မျက်မြင်တွေရဲ့ အဆိုအရ မော်စကို တောင်ပိုင်းမှာရှိတဲ့ လူနေဧရိယာ တစ်ခုနားက ကားပါကင်မှာ ပေါက်ကွဲမှု ဖြစ်ပြီး စုံထောက်တွေ အလုပ်များနေတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာတော့ တံခါးတွေ ပွင့်ထွက်နေပြီး ပျက်စီးနေတဲ့ အဖြူရောင် ကားတစ်စီးကို တွေ့ရပါတယ်။ အဲဒီကားရဲ့နားမှာ တခြားကားတွေလည်း ရပ်တန့်ထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ရုရှားရဲ့ ထိပ်တန်း စစ်ဘက်အရာရှိ တချို့ဟာ မော်စကိုမှာ ပစ်မှတ်ထား လုပ်ကြံတာတွေ ခံခဲ့ရပါတယ်။
ဥပမာ ဧပြီလတုန်းက ဗိုလ်ချုပ်ကြီး ယာရိုဆလက်ဗ် မော့စ်ကာလစ်ဟာ ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပြီး ဗိုလ်ချုပ်ကြီး အီဂေါ် ကီရီလော့ဗ်ကတော့ မနှစ်က ဒီဇင်ဘာလတုန်းက နေအိမ်ကနေအထွက် ဗုံးထောင်ထားတဲ့ စကူတာတစ်စီး ပေါက်ကွဲရာက အသက်ဆုံးရှုံးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ယူကရိန်း သတင်းရင်းမြစ်တွေက ကီရီလော့ဗ်ကို ထောက်လှမ်းရေး ဌာန အေးဂျင့်တွေက လုပ်ကြံခဲ့ကြောင်း ပြောခဲ့ပါတယ်။
ဒါပေမယ့် ဌာန ကိုယ်တိုင်ကတော့ ဒီကိစ္စကို ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။လုံခြုံရေးမူဝါဒတွေအရယူကရိန်းဟာပစ်မှတ်တွေကို အတိအကျ ရွေးချယ်ပြီး လုပ်ကြံတဲ့ ကိစ္စတွေကို ဘယ်တုန်းကမှ တရားဝင် ကြေညာပြီး ဝန်ခံတာမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
ကိုးကား – Guardian


















































