အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ကြုံနေတဲ့တိုင် ရုရှားရဲ့ စစ်လက်နက် တင်ပို့မှု စျေးကွက်က ကောင်းကောင်းကြီး ဆက်လက် လည်ပတ်နေနိုင်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ချီးကျူး ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ ကာလအတွင်း ရုရှားရဲ့ လက်နက် ရောင်းချမှု စျေးကွက်ဟာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး အထူးသဖြင့် အာဖရိကမှာ ဝယ်လက်အသစ်တွေ တိုးလာတယ်လို့ ပူတင်က ဇန်နဝါရီ ၃၀ မှာ မှတ်ချက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်း ရုရှားက ထုတ်လုပ်တဲ့ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေကို နိုင်ငံပေါင်း ၃၀ ကျော်ဆီ တင်ပို့ရောင်းချနိုင်ပြီး ဒေါ်လာ ၁၅ ဘီလီယံလောက် ငွေကြေးရရှိခဲ့တယ်လို့ ကရင်မလင် နန်းတော်မှာ စစ်ရေးနည်းပညာ အစည်းအဝေး တစ်ခုအတွင်း ပူတင်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ စစ်လက်နက်တွေ တင်ပို့ရောင်းချမှု ကဏ္ဍဟာ ရှုပ်ထွေးတဲ့ နောက်ခံ အခြေအနေတွေမှာ လည်ပတ်နေရတယ်လို့တော့ သူက ဝန်ခံသွားပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေဆီက ဖိအားတွေကြောင့် တချို့နိုင်ငံတွေဟာ ရုရှားနဲ့ ချိတ်ဆက်မှုတွေမှာ နှောင့်နှေးတာ၊ တွန့်ဆုတ်တာတွေ ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီလို အနှောင့်အယှက်ပေးတဲ့ အားထုတ်မှုတွေ ရှိနေတဲ့တိုင် ရုရှားဟာ ပို့ကုန် စာချုပ်တွေကို အများလေးစားလောက်အောင် ကိုင်တွယ် စီမံနိုင်ခဲ့တယ်လို့လည်း ပူတင်က ဆိုပါတယ်။

Public Service Announcement
အနောက်နိုင်ငံတွေဆီက ဖိအားတွေ ရှိနေတဲ့တိုင် လက်ရှိမှာတော့ အာဖရိက မိတ်ဖက် နိုင်ငံတွေဟာ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်တွေနဲ့ နည်းပညာတွေအပေါ် ပိုပြီး ထဲထဲဝင်ဝင် စိတ်ဝင်စားမှု ပြသလာနေတယ်လို့လည်း ပူတင်က ဆက်ပြောပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲ မတိုင်ခင် ကတည်းက အာဖရိက နိုင်ငံတွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်တာတွေ ရှိခဲ့ပါတယ်။ ၂၀၁၈ တုန်းက အလယ်အာဖရိက နိုင်ငံဟာ သူပုန်တပ်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် ရုရှား ကြေးစားတပ်ဖွဲ့ဖြစ်တဲ့ Wagnerတွေကို ငှားရမ်း အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှားဟာ မာလီနဲ့ ဘာကီနာဖာဆိုတို့မှာရှိတဲ့ အာဏာသိမ်း စစ်အစိုးရတွေနဲ့ ဆက်ဆံရေးကိုလည်း သိသိသာသာ မြှင့်တင်လာခဲ့ပါတယ်။
ကိုးကား: The Star
ဓာတ်ပုံ – Reuters


















































