ချွတ်ချော်မှု အခြေအနေတချို့ ကြုံခဲ့ပေမယ့်လည်း ကြိုတင်မဲပေးမှုတွေ ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် (EC)က ကြေညာခဲ့ပါတယ်။
ထိုင်းမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့အတွက် မဲပေးနိုင်မှာ မဟုတ်တဲ့သူ ၂.၄၁ သန်းလောက်အတွက် ကြိုတင်မဲပေးဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ကို သတ်မှတ်ပေးခဲ့ပါတယ်။ မဲရုံတွေကို ညနေပိုင်း ပိတ်သိမ်းချိန်အထိ ကြိုတင်မဲပေးမှု လုပ်ငန်းစဉ်အားလုံး ချောချောမောမော ပြီးမြောက်ခဲ့တယ်လို့ ECရဲ့ အတွင်းရေးမှူးချုပ် ဆာဝမ် ဘွန်မီက ပြောပါတယ်။
သူက ကြိုတင်မဲပေးတဲ့နေ့မှာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ချွတ်ချော်မှု အသေးအဖွဲ့တချို့ကို တွေ့ရှိခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပြီး ရွေးကောက်ပွဲနေ့မှာတော့ အဲဒီကိစ္စတွေ မရှိစေရဘူးလို့လည်း အာမခံခဲ့ပါတယ်။
သူပြောပြခဲ့တဲ့ ချွတ်ချော်မှုတွေမှာတော့ ကိုယ်စားလှယ်လောင်းတွေအကြောင်း မိတ်ဆက်ပေးထားတဲ့ လက်ကမ်းစာစောင်တွေက မဲရုံတချို့ဆီ ရောက်မလာတာတွေ၊ တချို့ ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေကို သိနိုင်အောင် စီစဉ်ပေးထားတဲ့ QR Scanတွေ ဖတ်မရ ဖြစ်ခဲ့တာတွေ၊ မဲတွေ ထည့်သွင်းထားတဲ့ စာအိတ်တွေထဲမှာ ကိုယ်စားပြု မဲဆန္ဒနယ်ရဲ့ ကုတ်ဒ်နံပါတ် မှားရေးထားတာတွေ၊ တချို့နေရာတွေမှာ မဲပေးသူဖက်က အမှားကြောင့် မဲစာရွက် စုတ်ပြဲတာတွေစတဲ့ ကိစ္စမျိုးတွေပါ။

Public Service Announcement
ဒီအတောအတွင်း အမတ်လောင်း တစ်ဦးအတွက် မဲဝယ်ပေးဖို့ ကြိုးစားကြောင်း စွပ်စွဲခံရသူ တစ်ဦးရဲ့ နေအိမ်ကို ECနဲ့ ရဲတွေ ပူးပေါင်းပြီး ဆူရတ်ဌာနီမှာ ဝင်ရောက် စစ်ဆေးဖို့ ကြိုးစားခဲ့ကြောင်း သူက ပြောပါတယ်။ ဗီဒီယိုဖိုင် တစ်ခုကို သက်သေပြုထားတဲ့ သတင်းပေး တိုင်ကြားမှု အဲဒီ စစ်ဆေးမှုကို လုပ်ဆောင်ခဲ့တာလို့ ဆာဝမ်က ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းထိ အခြေအနေအရ အာဏာပိုင်တွေက အိမ်ထဲ ဝင်စစ်ဖို့ ခွင့်တောင်းပေမယ့် ပိုင်ရှင်က ဝရမ်းမပါရင် ပေးမဝင်ဘူးလို့ ပြောတာကြောင့် အိမ်ကို ဝိုင်းထားပြီး တရားရုံးဆီက ဝရမ်းရဖို့ စောင့်နေဆဲလို့လည်း သိရပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဟုတ်မမှန် ပုတ်ခတ် စွပ်စွဲတာတွေ၊ အပုပ်ချတာတွေအတွက် ECဆီကို တိုင်ကြားမှု ၇၇ ခုနဲ့ မဲအရောင်းအဝယ်လုပ်ကြောင်း တိုင်ကြားမှု ၇ ခု ရောက်ရှိထားတယ်လို့လည်း ဆာဝမ်က ပြောကြားသွားပါတယ်။
ထိုင်းမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း သန်း ၅၀ ကျော်ဟာ အောက်လွှတ်တော် အမတ်နေရာ ၄၀၀ အတွက် မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ ရှိပေမယ့် ကျန်တဲ့ ၁၀၀ စာကတော့ အချိုးကျစနစ်နဲ့ ရွေးချယ်သွားမှာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့ပေမယ့် အစိုးရ ဖွဲ့ခွင့်မရဘဲ အဓိက အတိုက်အခံ အနေနဲ့သာ ရပ်တည်ခဲ့ရတဲ့ ရှေ့သို့ချီ (MFP) ပါတီကို အသွင်ပြောင်းလဲ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ (PP)ဟာ အခု ရွေးကောက်ပွဲ အတွက်လည်း လူကြိုက်အများဆုံး နေရာကနေ ဦးဆောင်နေပါတယ်။
ကိုးကား: Nation


















































