Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စံချိန်တင် ဒရုန်းအရေအတွက်မျိုးနဲ့ ယူကရိန်းကို ရုရှားတိုက်ခိုက်

ယူကရိန်း စစ်ပွဲကာလတလျှောက် စံချိန်တင် ပမာဏထိ ကျယ်ပြန့်ကြီးမားတဲ့ ဒရုန်း တိုက်ခိုက်မှုမျိုး ရုရှားက လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - State Emergency Service Of Ukraine/Reuters

ယူကရိန်း စစ်ပွဲကာလတလျှောက် စံချိန်တင် ပမာဏထိ ကျယ်ပြန့်ကြီးမားတဲ့ ဒရုန်း တိုက်ခိုက်မှုမျိုး ရုရှားက လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၄ ရက်နေ့ မနက်ကနေ ညအထိ ၂၄ နာရီအတွင်း ရုရှားဟာ ယူကရိန်း နိုင်ငံအနှံ့က မြို့ကြီးတွေကို ဒရုန်းပေါင်း ၉၄၈ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။ ဒါဟာ ၄ နှစ်ကျော် ကြာမြင့်လာတဲ့ စစ်ပွဲကာလတလျှောက် တစ်ရက်တာအတွင်း ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်းတိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။

ရုရှားဟာ ယူကရိန်း မြို့တွေကို နေ့ဖက် လင်းလင်းရှင်းရှင်း ဖြစ်နေချိန်တွေမှာ ဒရုန်းနဲ့ တိုက်ခိုက်တာမျိုး ရှားပါးပေမယ့် မတ်လ ၂၄ ရက်မှာတော့ မနက် ၉ နာရီကနေ ည ၇ နာရီအတွင်း ဒရုန်း ၅၅၆ စင်းထိ ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

တစ်နေကုန် ဒရုန်းတွေ အမြောက်အမြားနဲ့ ပစ်လွှတ်နေခဲ့တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ အနည်းဆုံး ၃ ဦးသေပြီး ဒါဇင်တွေနဲ့ချီ ဒဏ်ရာရခဲ့သလို အပျက်အစီးတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ လာဗစ်ဗ်မြို့မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ၁၆ ရာစုလက်ရာ ဘာနာဒင်း ဘုန်းတော်ကြီးကျောင်းမှာလည်း ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

လာဗစ်ဗ်နားက အိုင်ဗာနို ဖရန်ကစ်ဗ်ခ် ဒေသမှာလည်း သားဖွားဆေးရုံ တစ်ခုကို ရုရှားဒရုန်းတွေ ထိမှန် ပေါက်ကွဲခဲ့ပါသေးတယ်။

မတ်လ ၂၄ ရက်နေ့ ညပိုင်းတုန်းက လူမှုကွန်ရက်ပေါ် ဗီဒီယိုတစ်ခု တင်ထားခဲ့ရာမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လတ်တလော ကြုံခဲ့တဲ့ တိုက်ခိုက်မှုတွေကို ကြည့်ရင် ရုရှားဟာ စစ်ပွဲကို ရပ်တန့်ဖို့ လုံးဝ ဆန္ဒမရှိမှန်း သိသာစေတယ်လို့ ဝေဖန် ပြောကြားသွားပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ ရုရှားဒရုန်းတွေဒဏ်ကြောင့် လာဗစ်ဗ်နဲ့ တခြားမြို့တချို့မှာ အဆောက်အအုံတွေ မီးလောင်နေတာကို တွေ့ရပါတယ်။ ဗီဒီယို တစ်ခုမှာတော့ ဒရုန်းတစ်စီးဟာ ခပ်နိမ့်နိမ့် ပျံသန်းလာခဲ့ပြီး အဆောက်အအုံ တစ်ခုကို ဝင်တိုက်ရင်း ပေါက်ကွဲသွားတာကို မြင်ခဲ့ရပါတယ်။

အခုတိုက်ခိုက်မှု မတိုင်ခင် တစ်ညကလည်း ရုရှားဟာ ဒရုန်း ၃၉၂ စီးနဲ့ ဒုံးကျည် ၃၄ စင်းကို ယူကရိန်းရဲ့ မြို့တချို့ဆီ ညလုံးပေါက် ပစ်ခတ်ခဲ့ပါသေးတယ်။ အကျိုးဆက်အဖြစ် ယူကရိန်းမှာ အနည်းဆုံး ၅ ဦးသေဆုံးပြီး အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။

ယူကရိန်း လေတပ်က ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် အများစုကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပေမယ့် မြေပြင်မှာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ခံသွားပါတယ်။

ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အမေရိကန် အစိုးရက အင်တိုက်အားတိုက် ကြားဝင် ညှိနှိုင်းပေးခဲ့ပေမယ့် အီရန်ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ကိစ္စနောက်ပိုင်း ယူကရိန်း ငြိမ်းချမ်းရေး ကိစ္စ အားထုတ်မှုတွေက အရှိန်လျော့ကျနေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။