Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ အသေအပျောက် များခဲ့တာကို လူ့အခွင့်အရေး မဟာမင်းကြီး ရှုတ်ချ

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတွေ အများအပြား သေဆုံးနေတဲ့ အခြေအနေဟာ အရမ်း ဆိုးရွားတဲ့အဆင့် ရောက်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတွေ အများအပြား သေဆုံးနေတဲ့ အခြေအနေဟာ အရမ်း ဆိုးရွားတဲ့အဆင့် ရောက်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီ ဖြစ်ပေမယ့် အဲဒီသဘောတူညီချက်မှာ လက်ဘနွန်က စစ်ဆင်ရေးတွေ အကျုံးမဝင်ဘူးလို့ အစ္စရေးက ပြောကြားပြီး အီရန်ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ဆက်လက် တိုက်ခိုက်နေခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီမှုရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဧပြီ ၈ ရက်မှာ အစ္စရေးဟာ စစ်ပွဲကာလတလျှောက် လက်ဘနွန် ပိုင်နက်ထဲမှာ အပြင်းထန်ဆုံး၊ အကျယ်ပြန့်ဆုံး စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနေ့မှာ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လူ ၁၈၂ ဦးထက်မနည်း သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း ဧပြီ ၈ ရက်နေ့ဟာ စစ်ပွဲကာလတလျှောက် ဟစ်ဇ်ဘိုလာတွေကို အပြင်းထန်ဆုံး စစ်ဆင်ရေးတွေနဲ့ ထိုးနှက်ခဲ့တဲ့နေ့ ဖြစ်လာတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ဂါတာ့ခ်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး ထိခိုက်သေဆုံး စာရင်းဟာ နားလည်လက်ခံပေးနိုင်စရာ မရှိလောက်အောင် ဆိုးရွားလွန်းကြောင်း ဝေဖန်ခဲ့ပါတယ်။

လက်ဘနွန်မှာ တစ်ရက်တာ ကြုံခဲ့တဲ့ ဖျက်ဆီးမှု၊ သတ်ဖြတ်မှုတွေဟာ ကြမ်းကြုတ် ရက်စက်လွန်းတဲ့ အဆင့်ထိ ရောက်သွားကြောင်း ဧပြီ ၈ ရက်နေ့မှာ တာ့ခ်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပြီး နာရီပိုင်း အတွင်းမှာတင် အခုလို အစုအပြုံ သတ်ဖြတ်မှုတွေကို တွေ့မြင်လာရတာ ဖြစ်ကြောင်း၊ ဒါဟာ ပြည်သူတွေအတွက် အရမ်းလိုအပ်နေပြီး ထိလွယ်ရှလွယ် ရှိလွန်းတဲ့ ငြိမ်းချမ်းရေး စကားပြောဆိုမှုတွေကို အကြီးအကျယ် ဖိစီးမှု ဖြစ်သွားစေနိုင်ကြောင်း တာ့ခ်က ပြောပါတယ်။

ဧပြီ ၈ ရက်နေ့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံရဲ့ နေရာတချို့မှာ လူတွေ အစုလိုက် သေဆုံးပြီး ဆေးရုံတွေမှာလည်း လူနာတွေ ပြည့်လျှံကုန်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘေရွတ်မြို့ထဲက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုကတော့ တိုက်ခိုက်မှုတွေအပြီး မြင်ကွင်းဟာ အရမ်း သွေးပျက်ထိတ်လန့်စရာ ဖြစ်ခဲ့သလို ရုပ်အလောင်းတွေ ပြန့်ကြဲနေတာကို တွေ့ခဲ့ကြောင်း ပြောပါတယ်။

စစ်ရေးအရ တိုက်ခိုက်မှု တစ်ခုစီတိုင်းဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ အခြေခံ ကျင့်ဝတ် စည်းမျဉ်းတွေရဲ့ သတ်မှတ်ချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်တယ်လို့လည်း တာ့ခ်က ဆိုပါတယ်။ ပြီးတော့ အရပ်သားတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ အဲဒီ ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ ပတ်သက်ရင် ခြွင်းချက်ဆိုတာ ထားလို့မရဘဲ ဘယ်လို စစ်ရေး ပဋိပက္ခမှာမဆို အမြဲတမ်း လေးစားလိုက်နာနေရမှာ ဖြစ်ကြောင်း သူက ထောက်ပြသွားပါတယ်။

အီရန်စစ်ပွဲ စတင်ပြီး ၃ ရက်မြောက်နေ့ဖြစ်တဲ့ မတ်လ ၂ ရက်နေ့မှာ ဟစ်ဇ်ဘိုလာတွေက အစ္စရေး ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာက လက်ဘနွန်ဟာ စစ်ရေးပဋိပက္ခထဲ ဆွဲသွင်းခံခဲ့ရပါတယ်။ တာ့ခ်က အစ္စရေး မြောက်ပိုင်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပြီး နှစ်ဖက်စလုံးက ရန်လို တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – EPA, Getty

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။