အော့သိုဒေါ့စ် အီစတာ ကာလမှာ အပစ်အခတ် ရပ်စဲထားကြဖို့ ရုရှားနဲ့ ယူကရိန်းတို့က အသီးသီး သဘောတူခဲ့ကြပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အခု သီတင်းပတ်ကုန်မှာ ရုရှားရဲ့ ရှေ့တန်း စစ်မျက်နှာ အသီးသီးက တပ်တွေအားလုံး အပစ်အခတ် ရပ်နားထားဖို့ သူညွှန်ကြားထားတယ်လို့ ကြေညာခဲ့ပါတယ်။ အပစ်ရပ်ဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အကြိမ်ကြိမ် တောင်းဆို၊ ရုရှားက အကြိမ်ကြိမ် ပယ်ချခဲ့တဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပူတင်က ဧပြီ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီကစလို့ အီစတာ တနင်္ဂနွေနေ့ဖြစ်တဲ့ ဧပြီ ၁၂ ရက်နေ့ ညသန်းခေါင်ထိ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ သူက ယူကရိန်း အနေနဲ့လည်း ရုရှားရဲ့ သဘောထားကို စံနမူနာယူပြီး အပစ်ရပ်ထားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အော့သိုဒေါ့စ် အီစတာနဲ့ အနောက်နိုင်ငံတွေ လက်ခံကျင့်သုံးတဲ့ အီစတာ ကာလတွေဟာ ရည်ညွှန်း ပြက္ခဒိန်တွေ ကွာဟမှုကြောင့် နေ့ရက် မတူဘဲ ကွဲပြားတတ်ကြပါတယ်။ အနောက်နိုင်ငံတွေရဲ့ အခုနှစ်အတွက် အီစတာနေ့ကတော့ ဧပြီ ၅ ရက်နေ့မှာ ပြီးစီးခဲ့ပါပြီ။

Public Service Announcement
အပစ်အခတ် ရပ်နားထားမယ့် ကာလအတောအတွင်း ရန်သူ့ဖက်က ရန်လိုတိုက်ခိုက်မှုတွေ ရှိလာရင် လက်တုံ့ပြန်နိုင်အောင်တော့ အသင့်ပြင်ဆင်ထားဖို့ တပ်တွေကို ညွှန်ကြားထားကြောင်း ပူတင်က ဆိုပါတယ်။
နောက်တော့ ဇီလန်စကီးက ယူကရိန်းဟာလည်း အီစတာမှာ အပစ်ရပ်မယ့် ရုရှားရဲ့ သဘောထားကို လက်ခံကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အီစတာ ကာလမှာ ခြိမ်းခြောက်မှုတွေနဲ့ ကင်းဝေးနေတာမျိုး ပြည်သူတွေအတွက် လိုအပ်ကြောင်း၊ ပြီးတော့ ငြိမ်းချမ်းရေးဆီ စစ်မှန်တဲ့ အရွေ့မျိုးကိုလည်း လိုအပ်ကြောင်း၊ အီစတာကာလနောက်ပိုင်း တိုက်ခိုက်မှုတွေ ပြန်မစဘဲ နေသွားဖို့ ရုရှားမှာ အခွင့်အရေးတစ်ခု ရထားကြောင်း ဇီလန်စကီးက မှတ်ချက်ပေးထားပါတယ်။
ရန်သူ့ ဖောက်ခွဲရေး ဒရုန်းတွေဆီ ခြိမ်းခြောက်မှုကို အချိန်ပြည့် ရင်ဆိုင်နေရတဲ့ နှစ်ဖက် ရှေ့တန်းရောက် တပ်ဖွဲ့တွေကတော့ အီစတာမှာ အပစ်ရပ်မယ့် ကိစ္စကို ဝမ်းပန်းတသာ ထောက်ခံ ကြိုဆိုထားကြပါတယ်။
အခုသီတင်းပတ်ကုန်မှာ အပစ်ရပ်မယ့် ကြေညာချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ ယူကရိန်းမှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေလည်း တိတ်ဆိတ်သွားတယ်လို့ သိရပါတယ်။
အပစ်ရပ်မယ့်အကြောင်း ကြားရတဲ့အချိန် ယူကရိန်း ပြည်သူ အများအပြားက စိတ်လက်ပေါ့ပါး ရွှင်လန်းသွားပေမယ့် အီစတာ တနင်္ဂနွေနေ့ အပြီးမှာ အဲဒီ သတ်မှတ်ချက် ဆက်လက် တည်တံ့နေမယ် ဆိုတာကိုတော့ သံသယ ဝင်နေကြပါတယ်။ တချို့ကလည်း ရုရှားဟာ ယူကရိန်းကို နောက်ထပ် ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်း တိုက်ခိုက်မှု မတိုင်ခင် ကြိုတင် ပြင်ဆင်ဖို့အတွက် အဲဒီ အပစ်ရပ် ကာလကို အသုံးချနိုင်တယ်လို့ ပြောပါတယ်။
နှစ်ဆန်းပိုင်းတုန်းကလည်း ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေအပေါ် တိုက်ခိုက်နေမှုကို ယာယီ ရပ်နားမယ်လို့ ကြေညာဖူးပေမယ့် တိုက်ခိုက်မှုတွေ ပြန်စချိန်မှာ ပိုပြီး ကြမ်းတမ်းလာ၊ အတိုင်းအတာ ပမာဏ ပိုကျယ်ပြန့်လာတာကို ကြုံခဲ့ရဖူးပါတယ်။
မနှစ်က မေလတုန်းကလည်း ရုရှားဟာ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီကို ဆိုဗီယက် ပြည်ထောင်စုက အနိုင်ရခဲ့တဲ့ အောင်ပွဲနေ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အပစ်အခတ် ရပ်ထားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ လက်တွေ့မှာတော့ အဲဒီ ကာလအတွင်း ရုရှားတပ်တွေက အပစ်ရပ် ကြေညာချက်ကို အကြိမ်ရေ ရာနဲ့ချီ ချိုးဖောက်ခဲ့ကြောင်း ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters


















































