တောင်ကိုရီးယား တိရစ္ဆာန်ရုံ တစ်ခုကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ ဝံပုလွေကို ၉ ရက် အကြာမှာ အောင်အောင်မြင်မြင် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အသက် ၂ နှစ်သားအရွယ် ဝံပုလွေ အထီးလေး နုဂူကို ပြန်ဖမ်းမိပြီဆိုတဲ့ သတင်းကို အာဏာပိုင်တွေက အတည်ပြုလိုက်တဲ့နောက် ပြည်တွင်းက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။
နုဂူဟာ ဧပြီ ၈ ရက်နေ့တုန်းက ဒေဂျုံမှာရှိတဲ့ O-World တိရစ္ဆာန်ရုံမှာ စည်းရိုးအောက်ဖက် မြေသားကို တွင်းတူးပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
ဒေဂျုံမြို့ရဲ့ လူနေဧရိယာတွေ အနီးအနားမှာ အဲဒီဝံပုလွေက တဝဲလည်လည် သွားလာနေတာကြောင့် လူထုအတွက် ဘေးမကင်းတဲ့ အခြေအနေ ဖြစ်ခဲ့ပြီး တာဝန်ရှိသူတွေက အသည်းအသန် လိုက်ရှာခဲ့ကြပါတယ်။ ဒါပေမဲ့ နုဂူက အရှောင်အတိမ်း ကောင်းလွန်းနေတာကြောင့် ၉ ရက်ကြာပြီးမှသာ သူ့ကို ပြန်ဖမ်းမိခဲ့ပါတယ်။

Public Service Announcement
တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက နုဂူကို ပြန်လည်ဖမ်းဆီးတဲ့ အားထုတ်မှုအတွင်း ဝံပုလွေကို သတ်ဖြတ်မိမှာကို စိုးရိမ်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဝံပုလွေကို ဘေးကင်းကင်းနဲ့ ပြန်လည် ဖမ်းဆီးနိုင်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်တုန်းကလည်း အဲဒီတိရစ္ဆာန်ရုံကနေပဲ တောင်ခြင်္သေ့တစ်ကောင် လွတ်မြောက်သွားပြီး အဲဒီတုန်းကတော့ ခြင်္သေ့ကို ရှင်းလင်းခဲ့ရပါတယ်။
ဝံပုလွေတစ်ကောင် လွတ်နေတယ်ဆိုတဲ့ သတင်းဟာ လူထုကြားမှာ စိုးရိမ်စရာ ဖြစ်လာခဲ့တာကြောင့် သမ္မတ လီဂျေမြောင်ကိုယ်တိုင် ကြေညာချက် ထုတ်ပြန်ပြီး ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေနဲ့ စစ်တပ်ပါ ပူးပေါင်းပြီး ဝံပုလွေကို အရှင်ဖမ်းဖို့ အစွမ်းကုန် ကြိုးစားနေတဲ့အကြောင်း ပြည်သူတွေဆီ အသိပေးခဲ့ရပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက တိရစ္ဆာန်ရုံနားမှာရှိတဲ့ တောင်တစ်လုံးနားမှာ နုဂူကို ဝန်းရံပိတ်ဆို့ခဲ့ပေမယ့် ပါးနပ်တဲ့ ဝံပုလွေက ရအောင် ဖောက်ထွက်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဧပြီ ၁၇ ရက်မှာတော့ အဝေးပြေးလမ်းနားက တောင်ပို့တစ်ခုမှာ နုဂူကို ရှာတွေ့ခဲ့ပြီး မေ့ဆေးနဲ့ အောင်အောင်မြင်မြင် ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ့ကို ရှာတွေ့ဖို့ လူအင်အား အလုံးအရင်းရော၊ ဒရုန်းတွေပါ အသုံးပြုခဲ့ရသလို လိုက်ဖမ်းတဲ့ မစ်ရှင်မှာ တိရစ္ဆာန် ဆေးကု ဆရာဝန်တွေ၊ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေပါ ပူးပေါင်းခဲ့ပါတယ်။
နုဂူရဲ့ ကျန်းမာရေး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပြီး တိရစ္ဆာန်ရုံဆီ ပြန်လည် ခေါ်ယူသွားပြီ ဖြစ်တယ်လို့ ဒေဂျုံမြို့ အုပ်ချုပ်ရေးဌာနက ကြေညာပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ အဲဒီသတင်းကို ဝမ်းပန်းတသာ ကြိုဆိုထောက်ခံတဲ့ ပို့စ်တွေ အများအပြားကို တွေ့ခဲ့ရပြီး နုဂူ အိမ်ပြန်လာလို့ ပျော်ရွှင်ကြောင်း အသီးသီး ရေးသားထားပါတယ်။ ဒေဂျုံမြို့တော်ဝန် လီဂျန်ဝူးကလည်း ‘အိမ်အပြင်ဖက်မှာ အန္တရာယ်များတယ် နုဂူရေ’လို့ ကျီစယ် မှတ်ချက်ပေးထားခဲ့ပါတယ်။
တောင်ကိုရီးယားမှာ အတိတ်တုန်းက ဝံပုလွေတွေ သဘာဝအတိုင်း ကျက်စားခဲ့ပေမယ့် ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီနောက် ဝံပုလွေတွေကို ပြန်လည် ပျိုးထောင် မွေးမြူဖို့ ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်မှာ ရုရှားကနေ အဲဒီ သားရိုင်းတိရစ္ဆာန်တွေကို ပြန်လည် ခေါ်ယူလာခဲ့ပါတယ်။ နုဂူကတော့ ရုရှားကနေ ယူဆောင်လာတဲ့ ဝံပုလွေတွေရဲ့ တတိယမျိုးဆက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်က တိရစ္ဆာန်ရုံထဲမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
နုဂူကို စောင့်ရှောက်ထားတဲ့ O-World တိရစ္ဆာန်ရုံဟာ မွေးထားတဲ့ တိရစ္ဆာန်တွေ လွတ်မြောက်သွားခဲ့တဲ့ ဖြစ်စဉ်တွေ ခဏခဏကြုံလို့ အတော်လေး ဝေဖန် ခံထားရပါတယ်။ ပြီးတော့ နုဂူ လွတ်သွားချိန်ကစပြီး တိရစ္ဆာန်ရုံကိုလည်း ယာယီ ပိတ်ထားရပါတယ်။ ဘယ်အချိန် ပြန်ဖွင့်မလဲ ဆိုတာကို မသိရသေးပေမယ့် O-Worldကို ပြန်ဖွင့်တဲ့အခါ နုဂူဟာ လူတွေရဲ့ အာရုံစိုက်ခြင်းကို အခံရဆုံး စတားဖြစ်လာမယ်လို့လည်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။
ကိုးကား: CNN



















































