လောင်စာဆီ တင်ပို့ရောင်းချမှု နိုင်ငံများ အသင်း (OPEC)ကနေ နုတ်ထွက်တော့မယ့် ဆုံးဖြတ်ချက်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံက တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။
OPECဟာ အဖွဲ့ဝင် နိုင်ငံတွေအတွက် ရေနံကနေ ရရှိတဲ့ ဝင်ငွေတွေ ရေရှည်တည်တံ့အောင် ညှိနှိုင်းလုပ်ဆောင်ဖို့ ၁၉၆၀ ပြည့်နှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာကြီးရဲ့ ရေနံလိုအပ်ချက်ကြောင့် OPECဟာ နိုင်ငံတကာ အခင်းအကျင်းတွေမှာ ဩဇာကြီးမားတဲ့ အစုအဖွဲ့တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
UAEဟာ အစဉ်အလာအရ OPECရဲ့ စည်းကမ်းအလိုက်နာဆုံး၊ အတက်ကြွဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ဖူးပေမယ့် ပြောင်းလဲလာတဲ့ စျေးကွက်အခင်းအကျင်းတွေကြောင့် နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အမှန်တကယ် အဖြစ်သင့်ဆုံးလို့ ယူဆတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ ပြောပါတယ်။
UAEရဲ့ အဆိုအရ မေလ ၁ ရက်နေ့မှာ OPEC အဖွဲ့ထဲကနေ နုတ်ထွက်မယ်လို့ သိရပါတယ်။ အဖွဲ့ရဲ့ တတိယ ရေနံထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံဖြစ်တဲ့ UAE ထွက်ခွာသွားခြင်းဟာ OPECရဲ့ နိုင်ငံတကာ ရေနံထောက်ပံ့နိုင်စွမ်းနဲ့ စျေးနှုန်း ထိန်းချုပ်နိုင်မှုတွေအပေါ် ကြီးကြီးမားမား ထိခိုက်စေဖွယ် ရှိပါတယ်။ တချို့ စျေးကွက် ပညာရှင်တွေက UAEရဲ့ ထွက်ခွာမှုဟာ OPECအတွက် ပြိုလဲခြင်းအစ ဖြစ်နိုင်တယ်လို့တောင် သတိပေးထားပါတယ်။

Public Service Announcement
UAE အစိုးရဟာ ရေနံထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး OPECရဲ့ ထိန်းချုပ်မှုတွေအပေါ် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အတော်လေး စိတ်ပျက်လာခဲ့တယ်လို့ ဆိုပါတယ်။ UAEဟာ ရေနံထုတ်လုပ် ရောင်းချမှုအတွက် အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့ပြီး OPECက လက်ရှိ ကန့်သတ်ထားတဲ့ ပမာဏထက် ပိုမို ထုတ်လုပ်တင်ပို့ဖို့ ဆန္ဒရှိခဲ့ပါတယ်။
OPECကနေ UAEနုတ်ထွက်တာဟာ အဖွဲ့ရဲ့ ဦးဆောင်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနဲ့ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိခဲ့တယ် ဆိုတာကိုလည်း မြင်သာလာစေပါတယ်။
OPECရဲ့ မတည်ငြိမ်မှု သတင်းကြောင့် နိုင်ငံတကာ ရေနံစျေးကွက်ကို ချက်ချင်းလက်ငင်း ပြင်းပြင်းထန်ထန် သက်ရောက် ရိုက်ခတ်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ အကြောင်းကတော့ အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ ရေနံ တင်ပို့ရောင်းချမှုတွေက အကျပ်အတည်းတွေ ကြုံနှင့်နေပြီးသား ဖြစ်နေတာကြောင့်ပါ။
OPECဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်က ကိုယ်ပိုင် ရေနံထုတ်လုပ်မှုကို သိသိသာသာ မြှင့်တင်လာတဲ့နောက် OPECရဲ့ အရှိန်အဝါပိုင်း ထိခိုက် ကျဆင်းလာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
UAEဟာ OPECကသာ မကဘဲ ရုရှားလိုမျိုး တခြားမိတ်ဖက် နိုင်ငံတွေနဲ့ ပိုမို ကျယ်ကျယ်ပြန့်ပြန့် စုဖွဲ့ထားတဲ့ OPEC+ စျေးကွက် မဟာမိတ် အဖွဲ့ကနေပါ နုတ်ထွက်မယ်လို့ အတည်ပြုခဲ့ပါတယ်။ UAE အနေနဲ့ အနာဂတ်မှာ နိုင်ငံရဲ့ ရေနံ ထုတ်လုပ်နိုင်စွမ်းကို စျေးကွက် လိုအပ်ချက်နဲ့အညီ တဖြည်းဖြည်း မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။
OPEC နိုင်ငံတွေထဲမှာ အဓိက ခေါင်းဆောင်နေတဲ့ ဆော်ဒီက တစ်ရက်ကို ရေနံစည်ပေါင်း ၉ သန်းလောက် ထုတ်လုပ်နေပြီး UAEရဲ့ ထုတ်လုပ်ခွင့်ကတော့ အဖွဲ့အစည်းရဲ့ သဘောတူညီချက်တွေအရ တစ်နေ့ကို စည်ပေါင်း ၂.၉ သန်းလောက်မှာပဲ ကန့်သတ် ခံထားခဲ့ရပါတယ်။
ကိုးကား: Independent
ဓာတ်ပုံ – Getty Images


















































