လက်ဘနွန်နိုင်ငံ ပိုင်နက်ထဲမှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့ပါတယ်။ အဲဒီ အခြေအနေက လက်ဘနွန်မှာ အပစ်အခတ် ရပ်စဲထားတဲ့ သဘောတူညီမှု ဆက်လက် တည်တံ့နိုင်ရေးအတွက် စိုးရိမ်စရာတွေလည်း ဖြစ်လာစေပါတယ်။
မေလ ၇ ရက်နေ့၊ အစ္စရေးရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီမတိုင်ခင် တစ်ရက်တုန်းက လက်ဘနွန်ရဲ့မြို့တော် ဘေရွတ်တောင်ဖက် ဆင်ခြေဖုံး ရပ်ကွက် တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဒါဟာ အမေရိကန် ကြားဝင် စေ့စပ်ပေးထားတဲ့ အစ္စရေး-လက်ဘနွန် အပစ်အခတ် ရပ်စဲရေး ကာလအတောအတွင်း အစ္စရေးက ဘေရွတ်မြို့တော်မှာ ပထမဆုံးအကြိမ် စစ်ဆင်ရေး ဆင်နွှဲမှု ဖြစ်လာပါတယ်။
မေလ ၆ ရက်နေ့ တိုက်ခိုက်မှုဟာ ဟစ်ဇ်ဘိုလာတွေရဲ့ ရက်ဒ်ဝမ်တပ်ဖွဲ့ ခေါင်းဆောင် အာမက် အလီဘာလော့တ်ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ ဟစ်ဇ်ဘိုလာတွေကတော့ အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒါဟီယာ ဧရိယာမှာရှိတဲ့ လူနေတိုက်တစ်လုံးကို အဓိက ထိမှန်ခဲ့ပြီး အိမ်ခန်းနဲ့ဆိုင်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေရာဟာ ဟစ်ဇ်ဘိုလာ ဩဇာညောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်မှာ အကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပေမယ့် အစိုးရ ထိန်းချုပ်မှုအောက်မှာ မရှိဘဲ အီရန်အစိုးရရဲ့ လက်ဝေခံ အစုအဖွဲ့တစ်ခု အနေနဲ့ လှုပ်ရှားနေပါတယ်။

Public Service Announcement
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ ဟစ်ဇ်ဘိုလာတွေက ပါဝင်လာတဲ့နောက် အစ္စရေးက လက်ဘနွန် ပိုင်နက်ထဲမှာပါ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အစ္စရေးနဲ့ လက်ဘနွန်တို့ အပစ်ရပ်ထားပေမယ့် ဘေရွတ်မှာ အစ္စရေးက စစ်ဆင်ရေး လုပ်ခဲ့တဲ့နောက် အဲဒီ သဘောတူညီမှု ပျက်ပြယ်မှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ စစ်သွေးကြွ အကြမ်းဖက်သမားတွေကို လုံးဝ ချမ်းသာပေးမှာ မဟုတ်ဘူးလို့ ဘေရွတ်တိုက်ခိုက်မှု အပြီးမှာ ပြောကြားခဲ့ပါတယ်။
အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ အီရန်နဲ့ အမေရိကန်တို့ကြား သံတမန်ရေး စေ့စပ်ညှိနှိုင်းမှုတွေ အရှိန်အဟုန် တိုးမြှင့်လာချိန်မှာ အစ္စရေးဟာ ဘေရွတ်မြို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဟာ လက်ဘနွန်နဲ့ အပစ်ရပ် သဘောတူညီမှု ရရှိပြီး နောက်ပိုင်းမှာလည်း ဟစ်ဇ်ဘိုလာတွေရဲ့ ရန်စမှုကို တုံ့ပြန်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လက်ဘနွန်ပိုင်နက် အစိတ်အပိုင်း တချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်ဘနွန်ကို စစ်မီးကူးစက်ခဲ့တဲ့ အချိန်ကစလို့ အစ္စရေး တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများအပြား အပါအဝင် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ကြောင်းလည်း လက်ဘနွန် အာဏာပိုင်တွေက ပြောကြားထားပါတယ်။
ကိုးကား: New York Times


















































