အမေရိကန် ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန် စွပ်စွဲ ပြောကြားခဲ့ကြပါတယ်။
စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားမှာ မေလ ၉ ရက်နေ့ကစပြီး သုံးရက်ကြာအောင် အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေလ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မေလ ၉ ရက်နေ့ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီကို ဆိုဗီယက် တပ်တွေက အနိုင်ရခဲ့တဲ့ ရုရှားရဲ့ နှစ်ပတ်လည် စစ်အောင်ပွဲနေ့လည်း ဖြစ်ပါတယ်။
အဲဒီနေ့က စစ်ရေးပြ ချီတက်ပွဲမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း စစ်ပွဲကို သိပ်မကြာခင် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း မိန့်ခွန်းပြောခဲ့ပါသေးတယ်။ မေလ ၁၀ ရက်နေ့မှာတော့ ရုရှားရော၊ ယူကရိန်းကပါ အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်ပါတယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲချက်တွေ စတင်လာကြပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားဟာ အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရပ်နားထားပေမယ့် ရှေ့တန်းစစ်မြေပြင်မှာတော့ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မရပ်သေးဘူးလို့ မေလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Public Service Announcement
တစ်နည်းအားဖြင့် ရှေ့တန်းနေရာတွေမှာ ရုရှားစစ်တပ်ဟာ အပစ်ရပ် သဘောတူညီမှုကို လေးစားမှု မရှိသလို လက်တွေ့ ကျင့်သုံးဖို့ နည်းနည်းလေးတောင် ဆန္ဒရှိပုံ မရကြောင်း ဇီလန်စကီးက ဆိုပါတယ်။
အလားတူ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းရဲ့ ဒရုန်းပေါင်း ၅၇ စီးကို ပစ်ချခဲ့ရတယ်လို့ မေလ ၁၀ ရက် ညပိုင်းမှာ ကြေညာခဲ့ပါတယ်။ ယူကရိန်းဖက်က အပစ်ရပ် သဘောတူညီမှု ချိုးဖောက်တာတွေကြောင့် ရုရှားဟာ စစ်မြေပြင်မှာလည်း သင့်တော်သလို တုံ့ပြန်တာတွေ ရှိခဲ့ကြောင်း အဲဒီ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ထရမ့်က စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား သုံးရက်ကြာ အပစ်ရပ်မယ့်အကြောင်း ကြေညာရာမှာ တစ်ဖက်စီက ဖမ်းထားတဲ့ စစ်သုံ့ပန်း ၁၀၀၀ စီကို အလဲအလှယ်လုပ်ဖို့လည်း ထည့်သွင်း အဆိုပြုခဲ့ပါတယ်။ ဇီလန်စကီးက အမေရိကန် အာမခံထားတဲ့ အဲဒီ သုံ့ပန်းလဲလှယ်ရေးကိစ္စ လက်တွေ့ ဖြစ်လာဖို့ အမှန်တကယ် လိုလားကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ရုရှားနဲ့ ယူကရိန်းတို့ဟာ နှစ်ဖက် ညှိနှိုင်းထားတာမျိုး မဟုတ်ဘဲ ကိုယ်စီ သဘောထားတွေနဲ့ အပစ်ရပ် ကာလတွေ အသီးသီး ကြေညာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဥပမာ ယူကရိန်းက မေလ ၆ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ပေမယ့် ရုရှားက တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို အပြီးတိုင် ရပ်စဲစေဖို့ ကြားဝင် ညှိနှိုင်းပေးနေပေမယ့် တိုးတက်မှုတွေကိုတော့ ထင်သာမြင်သာ မတွေ့ရပါဘူး။ လက်ရှိမှာ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာ ယူကရိန်းတပ်တွေ ထိန်းချုပ်ထားဆဲ နောက်ဆုံးလက်ကျန် အစိတ်အပိုင်းတွေကို သိမ်းယူနိုင်ဖို့ ထိုးစစ်အရှိန် မြှင့်တင်နေကြောင်းလည်း သိရပါတယ်။
ကိုးကား: Reuters


















































