Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန် ပိုင်နက်ထဲက သမိုင်းဝင် ရဲတိုက်ကြီးတစ်ခုကို အစ္စရေးတပ်တွေ သိမ်းယူ

လက်ဘနွန်နိုင်ငံ ပိုင်နက်ထဲက ရှေးဟောင်း သမိုင်းဝင် ရဲတိုက်ကြီး တစ်ခုကို အစ္စရေး တပ်တွေက ထိန်းချုပ် သိမ်းယူလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

လက်ဘနွန်နိုင်ငံ ပိုင်နက်ထဲက ရှေးဟောင်း သမိုင်းဝင် ရဲတိုက်ကြီး တစ်ခုကို အစ္စရေး တပ်တွေက ထိန်းချုပ် သိမ်းယူလိုက်ပါတယ်။

ခရူးဆိတ် စစ်ပွဲတွေ ကာလမှာ စတင်တည်ဆောက်ခဲ့တဲ့ ဗျုဖို့တ် ရဲတိုက်ကြီးဟာ သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံတစ်ခု ဖြစ်ရုံသာ မကဘဲ မဟာဗျူဟာ အရလည်း အရေးပါတဲ့ နေရာမှာ တည်ရှိနေပါတယ်။

မေလ ၃၁ ရက်နေ့မှာတော့ အနီးတဝိုက် ကျေးရွာတွေမှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး လက်ဘနွန် တောင်ပိုင်းမှာ ရှိနေတဲ့ အဲဒီရဲတိုက်ကို ထိန်းချုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။

ဒါဟာ ၂၆ နှစ်လောက် ကာလအတောအတွင်း လက်ဘနွန်မှာ အစ္စရေးရဲ့ အကြီးမားဆုံး အချုပ်အခြာ ပိုင်နက် ကျူးကျော် ဝင်ရောက်မှုလည်း ဖြစ်လာပါတယ်။ အစ္စရေးဟာ အီရန်ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို စစ်ခင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ဘနွန် တောင်ပိုင်းဆီ တပ်တွေ စေလွှတ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စေ့စပ်ပေးမှုအရ အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေ အပစ်ရပ်ထားပေမယ့် ဟစ်ဇ်ဘိုလာတွေရဲ့ ရန်စမှုကို တုံ့ပြန်တယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ အစ္စရေးဟာ မကြာခဏ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၃၁ ရက်မှာတော့ နာဘာတီယာ မြို့နားက သက်တမ်း နှစ်ပေါင်း ၉၀၀ လောက်ရှိတဲ့ ဗျုဖို့တ် ရဲတိုက်ကြီးပေါ်မှာ အစ္စရေးအလံ လွှင့်ထူထားတာကို တွေ့ခဲ့ရပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့နောက် အစ္စရေး မြောက်ပိုင်းမြို့တွေကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ တပ်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၂ ရက်နေ့မှာ အစ္စရေးက ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်ခဲ့ရာက လက်ဘနွန်ပါ စစ်ပွဲထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဧပြီလမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ညှိနှိုင်းပေးလို့ အစ္စရေးနဲ့ လက်ဘနွန် အပစ်ရပ်ခဲ့ကြပါတယ်။

ဟစ်ဇ်ဘိုလာတွေရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ လက်ဘနွန် လွှတ်တော် ဥက္ကဋ္ဌ နာဘာ ဘာရီက သူ့အနေနဲ့ ဟစ်ဇ်ဘိုလာတွေက အပစ်ရပ် သဘောတူညီမှုကို အပြည့်အဝ ပါဝင်လေးစား လိုက်နာလာအောင် စည်းရုံးဖို့ အာမခံချက် ပေးနိုင်ကြောင်း၊ ဒါပေမဲ့ အစ္စရေးရဲ့ ရန်လို ကျူးကျော်မှုတွေကို ဘယ်သူက တားပေးမလဲဆိုတာ သိချင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျင်းနိုဝဲလ် ဘားရော့တ်ကလည်း လက်ဘနွန်မှာ အစ္စရေး လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေဟာ လက်ခံဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်လာတာကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူပြီး ဆွေးနွေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အစ္စရေး တပ်တွေဟာ သမိုင်းမှတ်တမ်း အရရော၊ မဟာဗျူဟာအရပါ အရေးပါတဲ့ ရဲတိုက်ကြီးကို ၁၉၈၂ ခုနှစ်မှာ တစ်ကြိမ် သိမ်းယူခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ထိ ထိန်းသိမ်းထားဖူးပါတယ်။ ဗျုဖို့တ်ရဲတိုက်ကနေ ဆုတ်ခွာပေးခဲ့ပြီး ၂၆ နှစ် အကြာမှာတော့ အဲဒီ အဆောက်အအုံရဲ့ ထိပ်မှာ အစ္စရေး အလံတော်ကို နောက်တစ်ကြိမ် လွှင့်တင်ခဲ့ပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ပြောကြားခဲ့ပါတယ်။

အဲဒီ ရဲတိုက်ကြီးကို အခိုင်အမာ ခံတပ်တစ်ခုအဖြစ် ခရစ်ယာန် ခရူးဆိတ် စစ်သည်တွေက ၁၂ ရာစုမှာ စတင် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်ဆလင်တွေရဲ့ ဆလာဒင်ဦးဆောင်တဲ့ ဂျေရုဆလင်တပ်ကလည်း အသုံးပြုခဲ့ပါတယ်။ မမ်လွတ်စ်ခ်၊ အော့တိုမန်၊ ပြင်သစ်နဲ့ ပါလက်စတိုင်း တပ်တွေကလည်း အဲဒီ ရဲတိုက်ကြီးမှာ ဖြန့်ကျက်ခဲ့ဖူးပါတယ်။ ခရူးဆိတ် စစ်သည်တွေဟာ လှပတဲ့ခံတပ်လို့ ရှေးဟောင်းပြင်သစ် စကားနဲ့ အဲဒီရဲတိုက်ကြီးကို နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်တုန်းက လက်ဘနွန်နဲ့ ဖြစ်ပွားတဲ့ စစ်ပွဲမှာ ရဲတိုက်ကြီးကို သိမ်းယူခဲ့ခြင်းက အစ္စရေးအတွက် အထင်ကရ စစ်ရေးအောင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ် ဖြစ်လာမယ့် ကာကွယ်ရေးဝန်ကြီး အေရီရယ်လ် ရှရွန်ရဲ့ ကွပ်ကဲမှုအောက်မှာ အစ္စရေးတပ်တွေဟာ မြောက်ဖက်ထိ ဆက်လက် ချီတက်ပြီး ဘေရွတ်မြို့တော်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အစ္စရေးတပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် ၂၀၀၀ ပြည့်နှစ်မှာတော့ ရဲတိုက်ကြီးရဲ့ အစိတ်အပိုင်းတချို့ကို ပြန်လည် မွမ်းမံပြီး ခရီးသွား ဧည့်သည်တွေ လည်ပတ်နိုင်အောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ စစ်ဖြစ်တဲ့အခါ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို) ဗျုဖို့တ်ရဲတိုက် အပါအဝင် လက်ဘနွန် နိုင်ငံပိုင်နက်ထဲက ယဉ်ကျေးမှု အမွေအနှစ် နေရာ ၃၄ ခုကို အထူးဂရုပြု ကာကွယ်ရမယ့် ဇုန်တွေအဖြစ် ကြေညာခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးတပ်တွေ ဆုတ်ခွာသွားတဲ့ ဇုန်နယ်မြေ တစ်ခုမှာ လက်ဘနွန် စစ်တပ်က ဝင်ရောက် ထိန်းချုပ် နေရာယူလိုက်ကြောင်း လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။