Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ကာကွယ်ရေး ဝန်ကြီးရဲ့ စကားတွေက အခြေအမြစ် မရှိဘူးလို့ တရုတ် စွပ်စွဲ

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ အခြေအမြစ် မရှိတဲ့ စကားတွေနဲ့ တရုတ်အပေါ် အထင်အမြင် လွဲမှားအောင် ပုတ်ခတ်ခဲ့ကြောင်း တရုတ်က စွပ်စွဲပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - AP

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ အခြေအမြစ် မရှိတဲ့ စကားတွေနဲ့ တရုတ်အပေါ် အထင်အမြင် လွဲမှားအောင် ပုတ်ခတ်ခဲ့ကြောင်း တရုတ်က စွပ်စွဲပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇိမုက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် ဒေသတွင်း အကြီးမားဆုံး လုံခြုံရေး ညီလာခံဖြစ်တဲ့ ရှန်ဂရီလာ တွေ့ဆုံပွဲမှာ တရုတ်ရဲ့ စစ်အင်အား ချဲ့ထွင်မှုတွေအပေါ် ဝေဖန်သွားခဲ့ပါတယ်။

ကိုအိဇုမိက ဂျပန်အနေနဲ့ စစ်အင်အားကို ပြန်လည်မြှင့်တင် တည်ဆောက်ခြင်းဟာ မှန်ကန်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပြီး တစ်ဖက်မှာတော့ တရုတ်ဟာ လုံလောက်တဲ့ ပွင့်လင်းမြင်သာမှုမျိုး မရှိဘဲ စစ်အင်အားနဲ့ စစ်လက်နက် ပိုင်ဆိုင်မှုကို ချဲ့ထွင်နေကြောင်း သတိပေးသွားပါတယ်။

တရုတ်နဲ့ ဂျပန်တို့ကြား လက်ရှိ ဆက်ဆံရေး အခြေအနေတွေ တင်းမာနေချိန်မှာ ကိုအိဇုမိဆီက အခုလို မှတ်ချက်မျိုး ထွက်ပေါ်လာခဲ့တာပါ။ ဂျပန်ရဲ့ စစ်အင်အား တိုးချဲ့မှုဟာ ဒုတိယ ကမ္ဘာစစ်ကာလတုန်းက စစ်မက်ဝါဒီ တကျော့ပြန် ခေါင်းထောင်လာတာလို့ တရုတ်က တံဆိပ်ကပ်တာကိုလည်း ကိုအိဇုမိက ပယ်ချခဲ့ပြီး တရုတ်ကသာ နျူကလီးယား လက်နက်တွေနဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကို ပိုင်ဆိုင်ထားကြောင်း၊ ဂျပန်မှာ အဲဒီလို လက်နက်တွေ ရှိမနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁ ရက်နေ့မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက ကိုအိဇုမိရဲ့ စကားလုံးတိုင်းဟာ လုံးဝဥဿုံ အခြေအမြစ် ကင်းမဲ့ကြောင်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

တိကျတဲ့ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့ အခါတိုင်း ဂျပန်ဖက်က မျက်နှာတွေက သွေးဆုတ် ဖြူရော်သွားကြောင်း၊ အဲဒီ ဂျပန်အရာရှိဟာ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ပြီး အရှိတရား အမှန်တွေကို ပြောင်းပြန်လှန်ပစ်ချင်နေပုံရကြောင်း၊ ဂျပန်ကပြောတဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ဆိုတာကလည်း ကြောင်သူတော် လုပ်ရပ်သာဖြစ်ပြီး စိတ်ရင်းစေတနာ အစစ်အမှန် ဘာမှ မပါကြောင်း လင်က ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် စနအဲ တကအိချိ အာဏာရလာပြီးနောက်ပိုင်း ဂျပန်ဟာ ပိုမိုတက်ကြွတဲ့ ကာကွယ်ရေး မူဝါဒမျိုးကို ကျင့်သုံးလာသလို ဆယ်စုနှစ်တွေနဲ့ချီ လက်ကိုင်ပြုလာတဲ့ စစ်အင်အား မချဲ့ထွင်ရေး သတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ဂျပန်ရဲ့ အဲဒီအရွေ့ဟာ ဒေသတွင်း အင်အားကြီး ပြိုင်ဘက် တရုတ်အတွက် စိုးရိမ်စရာ ဖြစ်လာစေပါတယ်။

ဒါ့အပြင် တကအိချိ ဝန်ကြီးချုပ် ဖြစ်လာပြီး မကြာခင်မှာပဲ ပြောခဲ့တဲ့ စကားတစ်ခွန်းကလည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုပြီး အေးခဲ တင်းမာစေခဲ့ပါတယ်။ တကအိချိက တကယ်လို့ ထိုင်ဝမ်ကျွန်းကိုသာ တရုတ်က တိုက်ခိုက်ခဲ့မယ်ဆိုရင် ထိုင်ဝမ်ကို ကူဖို့ ဂျပန်ကလည်း တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။ ဒီစကားဟာ ရန်လိုတဲ့ လုပ်ရပ်တစ်ခုလို့ တရုတ်က ရှုတ်ချခဲ့သလို တကအိချိဟာ စစ်ဝါဒကို ပြန်လည် အသက်သွင်းနေပါတယ်ဆိုတဲ့ စွပ်စွဲမှုကိုလည်း ပိုပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို နိုင်ငံရဲ့ ပိုင်နက် အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံကတော့ ကိုယ်ပိုင်သီးခြား ရပ်တည်မှုကိုသာ လိုလားနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။