Connect with us

Hi, what are you looking for?

နိုင်ငံတကာ

BTS အဖွဲ့ဝင် အဆိုတော်ရဲ့ အိမ်ကို အကြိမ်ကြိမ် သွားနှောင့်ယှက်တဲ့ ဘရာဇီး အမျိုးသမီး နယ်နှင်ခံရဖွယ်ရှိနေ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။

Courtesy of BigHit Music

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။

အဲဒီ အမျိုးသမီးဟာ BTS အဖွဲ့ဝင် ဂျောင်ကွတ်ရဲ့ နေအိမ်ကို နှစ်လအတွင်း အကြိမ် ၂၀ ကျော် သွားရောက်ခဲ့ပါတယ်။ တစ်ကြိမ်မှာတော့ သူဟာ တံခါးရဲ့ ခေါင်းလောင်းခလုတ်ကို ၁၃၃ ကြိမ်ထိ နှိပ်ခဲ့တယ်လို့ သိရပါတယ်။

တရားရုံးက နာမည် မထုတ်ပြန်တဲ့ အမျိုးသမီးဟာ မနှစ်က ဒီဇင်ဘာလကစပြီး အသက် ၂၈ နှစ်အရွယ် အဆိုတော်ကို နောက်ယောင်ခံ လိုက်ခဲ့ပါတယ်။ သူဟာ ဂျောင်ကွတ်ရဲ့ အိမ်တံခါးရှေ့မှာ စာတွေနဲ့ ဓာတ်ပုံတွေကိုလည်း ချန်ထားခဲ့ပါသေးတယ်။ တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့ အခါမှာတော့ သူက ဂျောင်ကွတ်ရဲ့ ပရိသတ် ဖြစ်ကြောင်း၊ အဲဒါတွေ အားလုံးကို ချစ်လို့ လုပ်ခဲ့တာပါလို့ ထွက်ဆိုပါတယ်။

အစောပိုင်းမှာ ရဲတွေက အမျိုးသမီးကို ဂျောင်ကွတ်ရဲ့အိမ်နား မသွားဖို့ တားဆီးထားခဲ့ပေမယ့် သူကတော့ ဂရုမစိုက်ဘဲ အနှောင့်အယှက် ပေးမှုတွေကို ဆက်ပြီး ကျူးလွန်နေခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၃၀ ကျော်အရွယ် ဘရာဇီးသူရဲ့ လုပ်ရပ်ဟာ ဂျောင်ကွတ်ရဲ့ ပုဂ္ဂလိက လုံခြုံရေးကို အကြိမ်ကြိမ် ချိုးဖောက်ရာ ရောက်လာတာကြောင့် မေလဆန်းမှာ ဆိုးလ်မြို့တော်ရဲ့ ခရိုင်အဆင့် တရားရုံး တစ်ခုက အမျိုးသမီးကို ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပါတယ်။ အဲဒီ ပြစ်ဒဏ်ကိုတော့ ၂ နှစ်ကြာ ဆိုင်းငံ့ပေးထားတာကြောင့် သူဟာ ထောင်ထဲကိုတော့ တကယ်တမ်း မသွားခဲ့ရပါဘူး။

ပြစ်ဒဏ်ကို မေလဆန်း ကတည်းက ချမှတ်ထားပေမယ့် အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက ဇွန်လ ၂၂ ရက်နေ့မှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အခုတော့ တောင်ကိုရီးယား အာဏာပိုင်တွေဟာ အဲဒီ အမျိုးသမီးကို ပြည်တွင်းကနေ နှင်ထုတ်ဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။ တောင်ကိုရီးယားမှာ အခုလို ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတဲ့ နိုင်ငံခြားသားတွေကို နှင်ထုတ်တာ၊ နောက်ထပ် အချိန်ကာလ တစ်ခုထိ ပြည်ဝင်ခွင့် ပိတ်ပင်တာမျိုး အရေးယူမှုတွေ ကျင့်သုံးလေ့ ရှိပါတယ်။

အမျိုးသမီးဟာ ဒီဇင်ဘာ ၇ ရက်နေ့တုန်းက ဂျောင်ကွတ်ရဲ့ အိမ်ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ သူဟာ အိမ်နားမှာ တရစ်ဝဲဝဲ လုပ်ရင်း နံရံကို ပစ္စည်းတွေနဲ့ လှမ်းပေါက်ခဲ့သလို တံခါးအဟကြားမှာ စာတွေ ထိုးထည့်သွားခဲ့ပါတယ်။

နောက်တစ်ကြိမ် ထပ်ရောက်လာတဲ့ အခါမှာတော့ သူဟာ လူခေါ်ခေါင်းလောင်းကို ၁၃၃ ကြိမ် ခလုတ်နှိပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ လွန်ကဲတဲ့ စွဲလမ်းမှုမျိုးကို ပြသနေတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ သူဟာ အိမ်ရဲ့ ဘေးပေါက်ကနေ ဝင်ရောက်မယ့် အစားအသောက် ပို့ဆောင်သူ တစ်ယောက်နောက်က ကပ်လိုက်လာရင်း အဖမ်းခံခဲ့ရပါတယ်။

အလားတူ လုပ်ရပ်တွေ ထပ်ပြီး မကျူးလွန်ဖို့ ရဲတွေက သူ့ကို သတိပေးပြီး နောက်တစ်နေ့မှာ ပြန်လွှတ်ပေးလိုက်ပေမယ့် အမျိုးသမီးက နားမထောင်ခဲ့ပါဘူး။ နောက်ထပ် သီတင်းပတ်တချို့ ကြာတဲ့ထိ သူဟာ ဂျောင်ကွတ်ရဲ့ အိမ်ကို ခဏခဏ သွားရောက် နှောင့်ယှက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရဲတွေက အရေးပေါ် တားဆီးမိန့် ထုတ်ပြန်ပြီး အိမ်ရဲ့ မီတာ ၁၀၀ ပတ်လည်အတွင်း မချဉ်းကပ်ဖို့ သူ့ကို ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အမျိုးသမီးက စိတ်မလျှော့ဘဲ အိမ်နားကို ဆက်ပြီး သွားမြဲ သွားနေဆဲ ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ ရဲတွေဟာ အမှုစစ်တွေဆီ ဒီကိစ္စကို လက်လွှဲပေးခဲ့ပါတယ်။ တရားရုံး ကြားနာမှုတွေမှာတော့ သူဟာ ဂျောင်ကွတ်ရဲ့ အိမ်ကို စုစုပေါင်း ၂၂ ကြိမ်ထိ သွားရောက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဂျောင်ကွတ်ဟာ အမျိုးသမီး ပရိသတ်တွေကြားမှာ အထူးရေပန်းစားပေမယ့် အစွန်းရောက် စွဲလမ်းသူတွေကြောင့်လည်း အနှောင့်အယှက်တွေ ကြုံရလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း တောင်ကိုရီးယားရဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့အညီ စစ်မှုထမ်းပြီးတဲ့နောက် တပ်ကနေ ဂျောင်ကွတ် ပြန်ထွက်လာပြီး နာရီပိုင်း အကြာမှာပဲ သူ့ရဲ့ အိမ်ထဲ ဖောက်ထွင်းဝင်ဖို့ ကြိုးစားတဲ့ အသက် ၃၀ ကျော်အရွယ် တရုတ် အမျိုးသမီး တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။