အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။
ဂျာမနီဟာ အုပ်စု(E)မှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်နဲ့ အုပ်စုဗိုလ် နေရာကို ရယူပြီး အခုအဆင့်ကို တက်လှမ်းလာတာပါ။ ပါရာဂွေးကတော့ အုပ်စု(D)ရဲ့ တတိယ နေရာသာ ရခဲ့ပေမယ့် အကောင်းဆုံး အုပ်စု တတိယ ၈ သင်း နောက်တစ်ဆင့် တက်ခွင့်ရတဲ့ စည်းမျဉ်းကြောင့် အခုအဆင့်ကို ပါလာခဲ့တာပါ။ အုပ်စုအဖွင့် ပွဲစဉ်မှာ အမေရိကန်ကို လေးဂိုး-တစ်ဂိုးနဲ့ ပြတ်ပြတ်သားသား ရှုံးထားဖူးတဲ့ ပါရာဂွေးဟာ ဂျာမနီနဲ့ တွေ့ဆုံချိန်မှာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး မရှိလောက်ဘူးလို့ အားလုံးက မျှော်လင့်ထားပေမယ့်လည်း လက်တွေ့မှာတော့ ပွဲကို ပါရာဂွေးကတောင် ဦးဆောင်ခဲ့ပါတယ်။







ပထမပိုင်း ပြီးခါနီးမှာ မက်တီးရက်စ် ဂါလက်ဇာရဲ့ ဖြတ်တင်ဘောကို လူငယ်တိုက်စစ်မှူး ဂျူလီယို အန်ဆစ္စကိုက ခေါင်းတိုက်ပြီး ဂိုးသွင်းခဲ့တာပါ။ အဲဒီဂိုးမှာ ဂျာမန် နောက်တန်းရဲ့ တစ်ဦးချင်း လူကပ်ပုံ လျော့တိလျော့ရဲ ဖြစ်နေတာကို အထင်းသား မြင်ခဲ့ရပါတယ်။
ပွဲချိန် ၅၄ မိနစ်မှာတော့ ဖလော်ရီယန် ဗာ့ဇ်ရဲ့ ဖြတ်တင်ဘောကို ဂျာမနီ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်က ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ မိနစ် ၉၀ ထိ တစ်ဂိုးစီ သရေကျနေလို့ အချိန်ပို ကစားကြတဲ့အခါ ဂျာမနီ ခံစစ်မှူး ဂျိုနသန်တားဟ်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဗီဒီယို အနှေးပြကွက် (VAR) ပြန်ကြည့်ပြီးတဲ့နောက် ဂိုးသွင်းချိန်မှာ ပါရာဂွေး ဂိုးသမားအပေါ် ပြစ်ဒဏ်ကျူးလွန်ထားတယ်လို့ ဆုံးဖြတ်ပြီး ဂျာမနီရဲ့ ဦးဆောင်ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

Public Service Announcement
ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကြတဲ့ အခါမှာတော့ ဂျာမနီရဲ့ ဦးဆောင်ဂိုးသွင်းသူ ဟာဗက်ဇ်၊ တိုက်စစ်မှူး နစ်ခ်ဝို့လ်တ်မေးတ်နဲ့ တားဟ်တို့ရဲ့ ကန်ချက်တွေက ဂိုးမဝင်ခဲ့ပါဘူး။ ပါရာဂွေးဖက်ကလည်း ပင်နယ်တီ အဆုံးအဖြတ်မှာ နှစ်လုံးဆက်တိုက် လွဲခဲ့ပေမယ့် အရေးအကြီးဆုံး အဆုံးအဖြတ် ပင်နယ်တီကိုတော့ နောက်ခံလူ ဟိုဆေးကာနဲလ်က အမှားအယွင်းမရှိ သွင်းယူပြီး အသင်းအတွက် အနိုင်ရလဒ်ကို ဆောင်ကြဉ်းပေးခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဂျာမနီနည်းပြ ဂျူလီယန် နာဂယ်လ်စ်မန်းက ရလဒ်ဆိုးခဲ့ပေမယ့် ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူဟာ ရှုူံးနိမ့်မှုကနေ ထွက်ပြေးတတ်သူ မဟုတ်ကြောင်း၊ သူ့ရဲ့ စာချုပ်က ၂၀၂၈ ခုနှစ်ထိ ကျန်နေဆဲဖြစ်ကြောင်း၊ သူ့ကို မလိုချင်တော့ဘူးဆိုရင် ဂျာမနီ ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ရမှာဖြစ်ကြောင်း နာဂယ်လ်မန်းက ဆိုပါတယ်။ ဒါ့အပြင် အခုပွဲမှာ တားဟ်ရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်ဆုံးဖြတ်ချက်ကိုတော့ အရှက်ရစရာတစ်ခု၊ ဟာသတစ်ခုလို့ သူက ဝေဖန်သွားပြီး ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် ပြစ်ဒဏ်ဘော မသတ်မှတ်ခဲ့သင့်ဘူးလို့ ပြောကြားသွားပါတယ်။
ပါရာဂွေးနည်းပြ ဂူစတာဗို အယ်လ်ဖာရိုကတော့ သူ့ကစားသမားတွေဟာ ထူးထူးကဲကဲ စွမ်းဆောင်ရည်မျိုး ပြသခဲ့ကြောင်း ချီးကျူးခဲ့ပြီး မဆုတ်မနစ် အားထုတ်မှုကြောင့် ရလဒ်ကောင်းကို ပိုင်ဆိုင်ခဲ့ကြောင်း ကြွေးကြော်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ အဓိက ချန်ပီယံလောင်း အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ပြိုင်ဘက် စိတ်တိုင်းကျ ပေးမကစားဖို့ လိုတယ်ဆိုတာ အသင်းသားတွေ သဘောပေါက်ခဲ့ကြောင်း၊ အဲဒီအတွက်လည်း သူ့အသင်းဟာ ဂျာမနီ အားသာတဲ့ နေရာလွတ်တွေ ရှာဖွေ အသုံးချခွင့် မရအောင် ကျားကုတ်ကျားခဲ လိုက်လံပိတ်ဆို့သွားခဲ့ကြောင်း အယ်လ်ဖာရိုက ဆိုပါတယ်။
မက်ဆာချူးဆက်ရဲ့ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ပါရာဂွေး အသင်းဟာ ဂျာမနီကို မိနစ် ၁၂၀ လုံးလုံး တောင့်ခံခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရတော့မယ့်အခါ နောက်ထပ် စိတ်ဓာတ်ရေးရာ ဖိအားတစ်ခုနဲ့ ကြုံလာရပြန်ပါတယ်။ ဂျာမနီဟာ ကမ္ဘာ့ဖလားမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူတိုင်း ဘယ်တုန်းကမှ မရှုံးဖူးဘူးဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားလို့ပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပါရာဂွေး အသင်းသားတွေဟာ လုပ်စရာရှိတာကို အကောင်းဆုံး တာဝန်ကျေအောင် လုပ်ဆောင်ပြီး ဂျာမနီရဲ့ မှတ်တမ်းကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားမှာ ဖျက်မြင်း အဆင့်လို့တောင် ပီပီပြင်ပြင် သတ်မှတ် မခံထားရတဲ့ ပါရာဂွေး အတွက်တော့ ဒီရလဒ်က အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားကို ၄ ကြိမ်ဆွတ်ခူးဖူးပြီး ပြိုင်ပွဲရဲ့ ဒုတိယ အစဉ်အလာ အကြီးဆုံး အသင်း ဖြစ်သလို ကမ္ဘာ့ထိပ်တန်း ကြယ်ပွင့် ကစားသမားတွေ ခေါ်ယူလာတဲ့ ဂျာမနီ အတွက်တော့ အခုရလဒ်က အရမ်းခါးသီးခဲ့ပါတယ်။ ဂျာမနီဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေတုန်းကလည်း အုပ်စုအဆင့်ကတင် ထွက်ခွာခဲ့ရဖူးပါတယ်။
ကိုးကား: FIFA


















































