ယူကရိန်းနိုင်ငံ အနှံ့မှာ ရုရှားက ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်းက တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရသူတွေလည်း ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။ ရုရှားရဲ့ ဖြန့်ကျက် တိုက်ခိုက်မှုတွေကြောင့် ခါကစ်ဗ်မြို့မှာ ၄ ဦး၊ ကိယက်ဗ် မြို့တော်မှာ ၁ ဦး၊ ဇာပိုရစ်ဇီရာမှာ ၂ ဦးနဲ့ ဆူမီမြို့မှာ ၁ ဦး သေဆုံးစာရင်း ရထားကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဒါဟာ ယူကရိန်းအတွက် စစ်ပွဲကာလတလျှောက် ကြုံဖူးသမျှ အတိုင်းအတာ အကြီးမားဆုံး ဒုံးကျည်တိုက်ခိုက်မှုတစ်ခု ဖြစ်လာတယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။
ဇူလိုင် ၁၉ ရက် ညနေပိုင်းမှာတော့ ပင်လယ်နက်ထဲ ခုတ်မောင်းနေပြီး နှံစားသီးနှံတွေ သယ်ဆောင်လာတဲ့ တူရကီပိုင် အရပ်ဖက် ကုန်တင်သင်္ဘော တစ်စီးကို ရုရှားက ဒုံးကျည်တွေနဲ့ပစ်လို့ ရေယာဉ် အမှုထမ်း ၅ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း ရေတပ်က ထုတ်ပြန်ပါတယ်။ ရုရှားကတော့ အဲဒီစွပ်စွဲချက်အပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

Public Service Announcement
တစ်ဖက်မှာလည်း ပင်လယ်နက်ထဲမှာရှိတဲ့ ရုရှားရဲ့ ရေနံတင် သင်္ဘော ၃ စီးနဲ့ နိုင်ငံတောင်ပိုင်း စတက်ဗ်ရိုပိုလ်မှာ ရှိနေတဲ့ ရေနံသိုလှောင်ရုံကြီး ၃ ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ ဇီလန်စကီးက ကြေညာပါတယ်။ ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ်အတွက် ဘဏ္ဍာငွေ ထောက်ပံ့ ရှာဖွေပေးနေတဲ့ အရင်းအမြစ်တွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း သမ္မတက ပြောပါတယ်။
ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာတော့ ရုရှားရဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေအတွင်း နေရာ အတော်များများမှာ ပေါက်ကွဲသံတွေ ကြားနေခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ ရုရှားပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၄၁ စင်းထဲက ၁၈ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း လေတပ်က ကြေညာခဲ့ပြီး ဒရုန်းပေါင်း ၁၀၈ စီးကိုလည်း ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ရုရှားဟာ ဒရုန်း အစီးရေ ၁၄၅၀၊ ပဲ့ထိန်းဗုံးပေါင်း ၁၆၄၀ ကျော်၊ ဒုံးကျည် ၉၉ စင်းထိ အသုံးပြုပြီ ယူကရိန်းကို ပုံစံမျိုးစုံနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဇီလန်စကီးက Telegramမှာ ရေးသားထားခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ရုရှားပိုင်နက်ထဲမှာ ရှိနေတဲ့ လက်လီအရောင်း လုပ်ငန်းစုကြီးရဲ့ ကုန်လှောင်ရုံကြီး နှစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် အပြီးမှာ ပေါ်ပေါက်လာတာပါ။ Wildberriesရဲ့ ကုန်လှောင်ရုံတွေ တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ လူ ၈ ဦး သေဆုံးခဲ့ပြီး မီးအကြီးအကျယ် လောင်ကျွမ်းမှုတွေလည်း ကြုံခဲ့ရပါတယ်။
ဇီလန်စကီးကတော့ ရုရှားပိုင်နက်ထဲမှာ ဆင်နွှဲနေတဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးတွေက ရုရှားရဲ့ စစ်အသုံးစရိတ် ဘဏ္ဍာရေး အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့၊ ယူကရိန်း အရပ်ဖက် အခြေခံ အဆောက်အအုံတွေ ဖျက်ဆီးခံရတာကို လက်တုံ့ပြန်ဖို့ အဓိက ရည်ရွယ်ကြောင်း ပြောကြားထားပါတယ်။
ကိုးကား: BBC

















































