ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦးကို ပစ်သတ်သွားတဲ့ သေနတ်သမားတွေကို အစွမ်းကုန် လိုက်လံရှာဖွေဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့တုန်းက နာရာသီဝတ်ပြည်နယ်၊ ရန်ဂေ ခရိုင်မှာရှိတဲ့ လုံခြုံရေး စစ်ဆေးရေး ဂိတ်တစ်ခုမှာ စောင့်ကြပ်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် ထိုင်းအရန်တပ်ဖွဲ့ဝင် ၅ ဦးသေပြီး ဒဏ်ရာသူ ၆ ဦး ရှိခဲ့ပါတယ်။
သေနတ်သမားတွေဟာ လုံခြုံရေးဂိတ် အဆောက်အအုံကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လက်လုပ် ပိုက်ဗုံး နှစ်လုံးကိုပါ ပစ်သွင်းခဲ့တာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်မှု အပြီးမှာတော့ သေနတ်သမားတွေဟာ ကားတစ်စီးနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
လုံခြုံရေးကင်မရာ မှတ်တမ်းတွေမှာတော့ ပစ်ကပ်ကား တစ်စီးရဲ့ နောက်ခန်းမှာ လိုက်ပါသွားပြီး မောင်းပြန်ရိုင်ဖယ်တွေကိုင်၊ မျက်နှာကို ဦးထုပ်တွေ၊ နှာခေါင်းစည်းတွေနဲ့ ဖုံးကွယ်ထားသူ ၆ ဦးကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
ထိုင်းကြည်းတပ် ကွပ်ကဲရေး အရာရှိ ဗိုလ်ချုပ် ချိုင်ပရက် ဒွမ်ပရာပတ်ဟာ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူ၊ ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလော်ပလော့သွတ်တို့ရဲ့ ညွှန်ကြားချက်အရ ဇူလိုင် ၂၃ ရက်မှာ နာရာသီဝတ်ကို ကိုင်တိုင်သွားရောက်ခဲ့ပါတယ်။
အခင်းဖြစ်တဲ့ နေရာကို စစ်ဆေးပြီးတဲ့နောက် ဗိုလ်ချုပ် ချိုင်ပရက်ဟာ ဒဏ်ရာရသူတွေကိုလည်း သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး လုံခြုံရေး အစီအမံတွေ မြှင့်တင်ရေး၊ တရားခံတွေကို ဖမ်းဆီးနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။
တရားခံတွေကို ရင်ဆိုင်တွေ့တဲ့ အခါမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးဆိုင်ရာ စည်းမျဉ်းကျင့်ဝတ်တွေကို ကြပ်ကြပ်မတ်မတ် လိုက်နာဖို့နဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရာမှာ ဥပဒေဘောင်ထဲက စံနှုန်းတွေအတိုင်း ထိန်းသိမ်းထားဖို့လည်း ချိုင်ပရက်က သတိပေးခဲ့ပါတယ်။
ကျူးလွန်သူတွေကို လုံးဝ အလွတ်မပေးဘဲ လိုက်ဖမ်းမှာ ဖြစ်ကြောင်း၊ သူတို့ကို ဖမ်းမိတဲ့ အချိန် ရောက်လာမှာဖြစ်ကြောင်း ချိုင်ပရက်က ဆိုပါတယ်။ သူတို့ကို ကူညီတဲ့သူ၊ ထောက်ပံ့ပေးတဲ့ နိုင်ငံတွေကိုလည်း အလွတ်ပေးမှာ မဟုတ်ဘဲ အပူတပြင်း ရှာဖွေ ဖော်ထုတ်မှာဖြစ်ကြောင်း၊ အခုအခါ ထိုင်းစစ်တပ်က မုဆိုးတွေ ဖြစ်လာရမယ့် အချိန်ကို ရောက်လာကြောင်း သူက ဆက်ပြောပါတယ်။
ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (NHRC)ကတော့ အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၃ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးနှစ်ယောက်လည်း ပါဝင်ခဲ့တယ်လို့ NHRCက ဆိုပါတယ်။
ဇူလိုင် ၂၃ ရက် ညပိုင်းထိ အခြေအနေအရ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ ဖမ်းဆီးတာမျိုး မရှိသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း တာဝန်ရှိကြောင်း မကြေညာသေးပါဘူး။
ထိုင်းနိုင်ငံ တောင်ဖက်စွန်း ပြည်နယ်တချို့မှာတော့ လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားမှုတွေဟာ ပမာဏ သိပ်မကျယ်ပြန့်ပေမယ့်လည်း ၂၀၀၄ ခုနှစ်ကတည်းက တည်ရှိနေခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုနဲ့ ဆက်နွှယ်တဲ့ ပဋိပက္ခတွေအတွင်း လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း ယာလီမှာရှိတဲ့ စစ်ဆေးရေးဂိတ် တစ်ခုကို သေနတ်သမားတွေက အငိုက်ဖမ်း တိုက်ခိုက်ပြီး သေနတ်တွေနဲ့ပစ်၊ လက်ပစ်ဗုံးတွေ ပစ်ထည့်ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်စဉ်ကိုတော့ ဘာရီဆန် ရီဗိုလူဆီ နေစီယွန်နယ်ဆိုတဲ့ အဖွဲ့က ကျူးလွန်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။
ကိုးကား: Khaosod


















































