Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်သား ၅ ဦး သေဆုံးခဲ့တဲ့ ထိုင်းတောင်ပိုင်း ပစ်ခတ်မှုမှာ တိုက်ခိုက်သူ ၁၀ ဦးလောက် ပူးပေါင်းလှုပ်ရှားခဲ့

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို စုစုပေါင်း လက်နက်ကိုင် ၁၀ ဦးလောက် ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - PR Narathiwat

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို စုစုပေါင်း လက်နက်ကိုင် ၁၀ ဦးလောက် ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

မူလက ဇူလိုင် ၂၂ ရက်နေ့ ဖြစ်စဉ်မှာ သေနတ်သမား ၆ ဦးက ပစ်ကပ်ကား တစ်စီးပေါ် စီးနင်းထွက်ခွာသွားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ထွက်ပေါ်ခဲ့ပေမယ့် ဇူလိုင် ၂၄ ရက်နေ့မှာတော့ စုံစမ်းရေး အရာရှိတွေက တိုက်ခိုက်သူ အရေအတွက်ကို ၁၀ ဦးလောက်ထိ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အသစ်ထပ်မံ တွေ့ရှိလာတဲ့ အချက်အလက် အထောက်အထားတွေအပေါ် မူတည်ပြီး အာဏာပိုင်တွေက သုံးသပ်ချက် အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ နာရာသီဝတ်ပြည်နယ်၊ ရန်ဂေ ခရိုင်မှာရှိတဲ့ လုံခြုံရေး စစ်ဆေးရေး ဂိတ်တစ်ခုမှာ စောင့်ကြပ်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် ထိုင်းအရန်တပ်ဖွဲ့ဝင် ၅ ဦးသေပြီး ဒဏ်ရာသူ ၆ ဦး ရှိခဲ့ပါတယ်။

သေနတ်သမားတွေဟာ လုံခြုံရေးဂိတ် အဆောက်အအုံကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လက်လုပ် ပိုက်ဗုံး နှစ်လုံးကိုပါ ပစ်သွင်းခဲ့တာကြောင့် ပေါက်ကွဲမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မှုခင်းပညာရှင်တွေဟာ အခင်းဖြစ်တဲ့ နေရာမှာ ကျည်ခွံ ၁၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ကျည်ဆန် အမျိုးအစားတွေအရ သေနတ်သမားတွေဟာ M16နဲ့ AK-47 မျိုးကွဲ မောင်းပြန်ရိုင်ဖယ်တွေကို ကိုင်တွယ်ခဲ့တာလို့ ယူဆရပါတယ်။ ဒါ့အပြင် ၁၁ မမ ပစ္စတို ကျည်ခွံတွေကိုပါ တွေ့ရှိခဲ့ပါတယ်။

နောက်ပြီး ပစ်ရင်းခတ်ရင်း သေနတ်တချို့ ဂျမ်းဖြစ်ကုန်ပြီး ကျည်ကတ်တွေကို ပစ်ထုတ်ထားခဲ့တဲ့ အခြေအနေတွေကိုပါ မြင်ခဲ့ရပါတယ်။ လုံခြုံရေးဂိတ် တည်ဆောက်ထားရာ ဘန်ကာဟာ ကျည်ဆန်ရာ ဗရပွနဲ့ အကြီးအကျယ် ထိခိုက်ထားခဲ့ပါတယ်။

ပြီးတော့ လုံခြုံရေးဂိတ်နဲ့ ကပ်လျက် တည်ရှိရာ ကင်းမျှော်စင်ဖက်ကို လှမ်းပစ်ထားတဲ့ ပိုက်ဗုံးတစ်လုံးကိုလည်း ရှာတွေ့ခဲ့ပြီး သက်သေအဖြစ် သိမ်းဆည်းထားပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပိုပြီး စုံစုံလင်လင် ရရှိလာခဲ့အခါ တိုက်ခိုက်မှုမှာ ပူးပေါင်း ကြံစည်သူ စုစုပေါင်း ၁၀ ဦးထိ ပါဝင်တယ်လို့ ဖော်ထုတ်လာနိုင်ခဲ့တာပါ။ ဒါဟာ မူလက ခန့်မှန်းထားတဲ့ အရေအတွက်ထက် သိသိသာသာ တိုးလာခြင်း ဖြစ်ပါတယ်။

ရဲတွေက အဲဒီ တိုက်ခိုက်သူတွေဟာ နှစ်ဖွဲ့ခွဲ လှုပ်ရှားခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ပထမတစ်ဖွဲ့ဟာ အနက်ရောင် ပစ်ကပ်ကားနဲ့ လိုက်ပါခဲ့ပြီး မျက်နှာကို ဦးထုပ်တွေ၊ နှာခေါင်းစည်းတွေနဲ့ ဖုံးကွယ်လာခဲ့ပါတယ်။ ဒုတိယ အဖွဲ့ကတော့ ဆိုင်ကယ်နဲ့ ရောက်လာတာဖြစ်ပြီး မောင်းနှင်သူက ပစ္စတို ကိုင်တွယ်ပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းထားပါတယ်။ နောက်မှာ ထိုင်လာတဲ့တစ်ယောက်ကတော့ မျက်နှာမှာ အဝတ်စည်းနှောင် ဖုံးကွယ်ထားပြီး ရိုင်ဖယ်သေနတ် တစ်လက်ကို ကိုင်ဆောင်လာခဲ့ပါတယ်။

ပစ်ကပ်ကားပေါ်က အဖွဲ့က လုံခြုံရေးဂိတ်ကို တိုက်ခိုက်နေချိန် နောက်ပိုင်းလုံခြုံရေးကို ဆိုင်ကယ်အဖွဲ့က တာဝန်ယူခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ပစ်ကပ်ကားဟာ လုံခြုံရေးဂိတ်နား ရောက်ချိန်မှာ အရှိန်လျှော့လိုက်ပြီး ကားပေါ်ကလူတွေက စတင်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် သေနတ်သမားတွေဟာ ကားထဲကပါ ထွက်လာပြီး ဘန်ကာထဲမှာ ရှိနေတဲ့ တခြားစစ်သားတွေကိုပါ ကျည်ဆန် အများအပြား ပုံအောပြီး ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ဟာ စစ်သားတွေရဲ့ ရိုင်ဖယ်သေနတ်တွေ၊ ပစ္စတိုတစ်လက်၊ ကျည်ကတ်တွေနဲ့ ကျည်ကာအင်္ကျီ လေးထည်ကို လုယက် ယူဆောင်သွားပါတယ်။ ပစ်ကပ်အဖွဲ့ လှုပ်ရှားနေချိန် မော်တော်ဆိုင်ကယ် အဖွဲ့ကလည်း အရပ်မျက်နှာတချို့ဆီ သေနတ်တွေ ပစ်ဖောက်ပြီး ခြောက်လှန့်ထားခဲ့ပါတယ်။ စုစုပေါင်း တစ်မိနစ်ခွဲလောက် အကြာမှာပဲ တိုက်ခိုက်မှု တစ်ခုလုံး ပြီးဆုံးပြီး ပစ်ကပ်ကားရော၊ မော်တော်ဆိုင်ကယ်ပါ ထွက်ပြေးသွားခဲ့ကြပါတယ်။

ပုံမှန်ဆိုရင် အဲဒီလုံခြုံရေးဂိတ်မှာ ဆန္ဒအလျောက် အမှုထမ်းတဲ့ အရန်တပ်ဖွဲ့ဝင် ၈ ဦး စောင့်ကြပ်လေ့ ရှိပေမယ့် အခင်းဖြစ်တဲ့နေ့က ၃ ဦးက ခွင့်ယူထားခဲ့တာလို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ရဲတွေက မီးလောင်နေတဲ့ ပစ်ကပ်ကားတစ်စီး ရှာတွေ့ကြောင်း သတင်းကြောင့် သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီပစ်ကပ်ဟာ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ယာဉ်ဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

ထိုင်းစစ်တပ်ကတော့ ပြစ်မှုကျူးလွန်သူတွေကို အစွမ်းကုန် ခြေရာခံ ရှာဖွေ ဖမ်းဆီးမယ်လို့ ကြုံးဝါးထားပြီး လုံခြုံရေး အစီအမံတွေကိုလည်း တိုးမြှင့်နေပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းအထိ ဘယ်သူ့ကိုမှ ဖမ်းဆီးတာမျိုး မရှိသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း မကြေညာသေးပါဘူး။

ထိုင်းနိုင်ငံ တောင်ဖက်စွန်း ပြည်နယ်တချို့မှာတော့ လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားမှုတွေဟာ ပမာဏ သိပ်မကျယ်ပြန့်ပေမယ့်လည်း ၂၀၀၄ ခုနှစ်ကတည်းက တည်ရှိနေခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုနဲ့ ဆက်နွှယ်တဲ့ ပဋိပက္ခတွေအတွင်း လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း ယာလီမှာရှိတဲ့ စစ်ဆေးရေးဂိတ် တစ်ခုကို သေနတ်သမားတွေက အငိုက်ဖမ်း တိုက်ခိုက်ပြီး သေနတ်တွေနဲ့ပစ်၊ လက်ပစ်ဗုံးတွေ ပစ်ထည့်ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်စဉ်ကိုတော့ ဘာရီဆန် ရီဗိုလူဆီ နေစီယွန်နယ်ဆိုတဲ့ အဖွဲ့က ကျူးလွန်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦးကို ပစ်သတ်သွားတဲ့ သေနတ်သမားတွေကို အစွမ်းကုန် လိုက်လံရှာဖွေဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဂိမ်းapp တစ်ခုကို ဖိလစ်ပိုင် အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။