ယူကရိန်းနိုင်ငံက ဒရုန်းပြပွဲ တစ်ခုကို ရုရှားဒုံးကျည် တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကိယက်ဗ်မြို့တော်နားက ဒရုန်းနည်းပညာ ပြပွဲနေရာကို ဇူလိုင် ၂၄ ရက်နေ့တုန်းက နေ့အချိန် ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ အဲဒီနေ့က ယူကရိန်း အရှေ့ပိုင်း၊ ဆလိုဗင့်စ်ခ် မြို့မှာလည်း ရုရှားရဲ့ လေဟုန်ခွင်းဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့ရာက နောက်ထပ် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကိယက်ဗ်က ဒရုန်းပြပွဲ တိုက်ခိုက်မှု ဖြစ်စဉ်မှာတော့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့အပြင် ၁၀၀ လောက် ဒဏ်ရာရခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ဇူလိုင် ၂၄ ရက် ညနေပိုင်းမှာ ဇီလန်စကီးက ရုရှားဟာ နောက်ထပ် ၄၈ နာရီအတွင်း အကြီးစား တိုက်ခိုက်မှုတစ်ခု ထပ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရရှိထားကြောင်း ကြေညာခဲ့ပါတယ်။
ဒရုန်းနည်းပညာ ပြပွဲ တိုက်ခိုက်မှု အပြီးမှာတော့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန အကြံပေး အရာရှိ ဆာဟီ ဘက်စ်ကရက်စ်နော့ဗ်နဲ့ စစ်တပ်ရဲ့ နည်းပညာ အကြံပေးပုဂ္ဂိုလ် လျူဘာ ရှင်ပိုဗစ်ချ်တို့ သေဆုံးသွားကြောင်း ကောလဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နှစ်ဦးစလုံးက သူတို့တွေ ဘေးကင်းကြောင်း လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ ဘက်စ်ကရက်စ်နော့ဗ်က သူဟာ လုံခြုံရေး အစီအမံတွေအရ အဲဒီပြပွဲကို မသွားဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

Public Service Announcement
ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ ရုရှားဟာ ဒုံးကျည် ၃ စင်း ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ၁ စင်းကိုသာ ယူကရိန်းက ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း သိရပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ ဒရုန်းပြပွဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပြီး ပစ်မှတ်ကို တိတိကျကျ ရှာဖွေ ချေမှုန်းနိုင်တဲ့ စစ်လက်နက် ခဲယမ်းတွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ ရုရှားရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဒရုန်းတွေကို ယူကရိန်းက သရုပ်ပြနေတဲ့ ပြပွဲကို ပစ်မှတ်ထား ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှားက ကြေညာပါတယ်။
၂၀၂၂ ခုနှစ်မှာ စတင်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းမှာ အခုလိုမျိုး လူစည်ကားတဲ့ ပြပွဲတွေ ကျင်းပရင်း တိုက်ခိုက်ခံရတာ တတိယအကြိမ်မြောက် ဖြစ်လာပါတယ်။ လုံခြုံရေး အခြေအနေအရ ဒီလိုပြပွဲမျိုးတွေကို ခွင့်မပြုသင့်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိနေသလို တစ်ဖက်မှာလည်း ပွဲစီစဉ်သူတွေက ကျယ်ကျယ်ပြန့်ပြန့် လူသိများအောင် ကြော်ငြာလေ့ ရှိကြပါတယ်။
ဇီလန်စကီးက ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေး စည်းပေါက်မှုတွေအကြောင်း စုံစမ်းစစ်ဆေးမယ်လို့ ပြောကြားခဲ့ပြီး အစိုးရ ရှေ့နေရုံးကလည်း ဘယ်သူက တာဝန်ခံပြီး ပြပွဲကျင်းပသလဲ၊ ဘယ်လို လုံခြုံရေး အစီအမံတွေ ပြင်ဆင်ထားခဲ့သလဲ ဆိုတာတွေကို စုံစမ်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်နေ့မှာ ယူကရိန်းကလည်း ရှေ့တန်းစစ်မျက်နှာပြင်နဲ့ ကီလိုမီတာ ၁၀၀၀ ကျော် အကွာလောက်မှာရှိတဲ့ ရုရှားပိုင် ကီရော့ဗ်မြို့ထဲက စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ၆ ဦးထက်မနည်း သေဆုံးကြောင်း သိရပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ ရုရှားနိုင်ငံ ပိုင်နက်ထဲက ကုန်လှောင်ရုံတွေကိုလည်း ဒရုန်းတွေနဲ့ ဖြန့်ကျက် တိုက်ခိုက်ခဲ့ပါတယ်။
ကိုးကား: BBC

















































