ယူရယ်လ် တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိရာ ဒေသတစ်ခုမှာ ရုရှားစစ်တပ်ရဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ပူတင်ကိုယ်တိုင် သွားရောက် ကွပ်ကဲ ကြည့်ရှုခဲ့ပါတယ်။
Center-2026 စစ်ရေးလေ့ကျင့်မှုတွေမှာ တရုတ်နဲ့ နိုင်ငံတချို့ရဲ့ တပ်ဖွဲ့တွေလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ စုစုပေါင်း တပ်အင်အား ၄၇၀၀၀ လောက် ပါဝင်ကြပြီး စက်တင်ဘာ ၂၈ ရက်နေ့ကနေ အောက်တိုဘာ ၄ ရက်နေ့ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့မှာတော့ ပူတင်ဟာ ချယ်လ်ယာဘင့်စ်ခ် ဒေသက လက်နက်စမ်းသပ်ဇုန် တစ်ခုမှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ပါတယ်။
Center-2026ဟာ ရန်သူ့ တိုက်ခိုက်လာမှု တစ်ခုကို လက်တွေ့တုံ့ပြန် ခုခံသလို ပုံစံမျိုး သရုပ်တူ လေ့ကျင့်တာဖြစ်ပြီး ကက်စ်ပီယန် ပင်လယ်နဲ့ ဆက်စပ်နေတဲ့ နေရာ ၁၁ ခုမှာ ချိတ်ဆက် လုပ်ဆောင်နေကြောင်း ပူတင်က ဆိုပါတယ်။

Public Service Announcement
အခုစစ်ရေးလေ့ကျင့်မှုမှာ ရုရှားဟာ ဂျက်အင်ဂျင်တပ် တိုက်ခိုက်ရေး ဒရုန်းအသစ်တွေ၊ သံချပ်ကာယာဉ်တွေ၊ အီလက်ထရောနစ် စစ်ဆင်ရေး စနစ်တွေကို အသုံးပြုခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ဓာတ်ပုံတွေမှာတော့ ဝေဟင်မှာ ပျံသန်းနေတဲ့ ဒရုန်းတွေဟာ မြေပြင်ပေါ်ကို မီးကျည်လက်နက်တွေ မိုးရွာသလို ကြဲချနေတာကို တွေ့ခဲ့ရပါတယ်။
စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ ဘီလားရုစ်၊ ကာဂျစ္စတန်၊ တာဂျစ္စတန်၊ တရုတ်၊ မွန်ဂိုလီးယား၊ ပါကစ္စတန်က တပ်တွေ ပါဝင်ပြီး နိုင်ငံ ၅၅ ခုက လေ့လာသူတွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ပူတင်ဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားစစ်တပ်က စတင် အသုံးပြုနေတဲံ ဂျက်အင်ဂျင်တပ် Geran ဒရုန်းတွေရဲ့ လက်တွေ့ အသုံးပြုပုံတွေကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။
ရုရှားရဲ့ ပိုင်နက်နယ်မြေတွေကို NATOက ရန်လို ပိတ်ဆို့လာရင်၊ ထိပါးတိုက်ခိုက်လာရင် နျူကလီးယား လက်နက်တွေ အပါအဝင် အရင်းအမြစ် အားလုံးကို အသုံးပြုပြီး တုံ့ပြန်မယ်လို့ ခြိမ်းခြောက်စကား ပြောခဲ့ပြီး နောက်တစ်နေ့မှာ ပူတင်ဟာ စစ်ရေးလေ့ကျင့်မှုကို သွားရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: AP



















































