အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ထဲက လူနေ အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဆေးရုံတက်ခဲ့ရကြောင်း သိရပါတယ်။
ဘရွတ်ကလင်း ရပ်ကွက်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုနားမှာရှိတဲ့ အဆောက်အအုံဟာ နိုဝင်ဘာ ၁၁ ရက်နေ့က ပြိုကျခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးပုံအောက်မှာ နောက်ထပ် ပိတ်မိနေသူတွေ မရှိတော့တာ သေချာစေဖို့ လိုက်လံ ရှာဖွေနေပါတယ်။
ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ ၁၉၃၀ ပြည့်နှစ်လောက်ကတည်းက တည်ရှိနေခဲ့တာလို့ ဆိုပါတယ်။ အဆောက်အအုံ ပြိုကျတဲ့ အကြောင်းရင်းဟာ အနီးမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ မြေတူးမှုတွေနဲ့ ဆက်စပ်နေသလား ဆိုတာကိုတော့ စုံစမ်းနေဆဲလို့ နယူးယောက် မီးသတ်ဌာန အကြီးအကဲ ဂျွန်အက်ပိုဆီတိုက ပြောကြားခဲ့ပါတယ်။
ဘရွတ်ကလင်းရဲ့ ဖလတ်ဘုရှ် ဧရိယာ တဝိုက်က အဆောက်အအုံ ပြိုကျချိန် လူဘယ်နှဦး ရှိနေခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement
နယူးယောက် မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီက အနည်းဆုံး လူ ၂ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေလည်း ပါဝင်နေကြောင်း ပြောကြားခဲ့ပါတယ်။
မြို့ခံ မီးသတ်ဌာနရဲ့ အဆိုအရ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၉ ဦး ရှိခဲ့ပြီး အဲဒီထဲမှာ ၇ ဦးက ကလေးတွေလို့ သိရပါတယ်။ ဒါပေမဲ့ သေဆုံးသူ ၂ ဦးထဲမှာ ကလေးတွေ ပါမပါ ဆိုတာကိုတော့ မီးသတ်ဌာနက အတိအကျ မထုတ်ပြန်ပါဘူး။ ကယ်ဆယ်ရေး ဆောင်ရွက်ရင်း မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးလည်း ဒဏ်ရာအနည်းအကျဉ်း ရခဲ့ပါတယ်။
နယူးယောက် ရုပ်မြင်သံကြား ဌာနတစ်ခုဖြစ်တဲ့ WABC-TVက အချိန် ၂ နာရီဝန်းကျင်လောက်အတွင်း အပျက်အစီးတွေ အောက်ကနေ ကိုယ်ဝန်ဆောင် တစ်ဦးအပါအဝင် လူ ၄ ဦးကို အသက်ရှင်လျက် ကူညီ ကယ်ထုတ်နိုင်ခဲ့တာကို တွေ့ခဲ့ရကြောင်း ဖော်ပြသွားပါတယ်။
အက်စ်ပိုဆီတိုကတော့ ပြိုကျမှု ဖြစ်ပွားတဲ့ နေရာမှာ နောက်ထပ် ပိတ်မိနေသူ လုံးဝမရှိတာ သေချာစေဖို့အတွက် ရက်အတန်ကြာ အချိန်ယူပြီး ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။
ကိုးကား: Reuters





















































