အမျိုးသား စစ်သင်္ချိုင်းတစ်ခုမှာ သွားရောက် ရယ်မောနေတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးနဲ့ အဖွဲ့ကို စစ်သင်္ချိုင်းရဲ့ အစောင့်စစ်သား တစ်ဦးက သတိပေး တားမြစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက ဟက်ဂ်ဆက်သ်၊ သူ့ဇနီးနဲ့ သူ့ရဲ့ အကြီးတန်း အကြံပေး အရာရှိတွေဟာ ဗာဂျီးနီးယားမှာရှိတဲ့ အယ်လင်တန် အမည်မဲ့ စစ်သည် ဂူဗိမာန်ကို သွားရောက် အလေးပြုခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ စစ်သင်္ချိုင်းထဲမှာ စကားတွေ ဆူဆူညံညံ ပြောဆိုနေခဲ့သလို တစ်ချိန်မှာတော့ ရယ်သံတစ်ခုပါ ထွက်ပေါ်လာခဲ့တဲ့အတွက် စစ်သင်္ချိုင်းရဲ့ အစောင့်စစ်သားက လုပ်ထုံးလုပ်နည်းတွေအတိုင်း သူတို့ကို သတိပေးသံ ဆန်ဆန်နဲ့ လှမ်းဟန့်တားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပတ်ဝန်းကျင်ကို ရောက်နေတဲ့ ဧည့်သည်မှန်သမျှဟာ တိတ်ဆိတ်ပြီး အချိန်ပြည့် လေးစားမှု ပြသနေရမှာ ဖြစ်တယ်လို့ အစောင့်စစ်သားက လှမ်းအော်ပြောခဲ့ပါတယ်။

Public Service Announcement
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနလည်းဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်က အစောင့်စစ်သားရဲ့ လုပ်ရပ်ဟာ မှန်ကန်ကြောင်း ထောက်ခံပေးခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု လုံခြုံဘေးကင်းဖို့အတွက် အသက်ပေးခဲ့တဲ့ စစ်မှုထမ်း အမျိုးသား အမျိုးသမီးတွေကို ဝန်ကြီးရော၊ ဝန်ကြီးဌာန တစ်ခုလုံးကပါ အမြဲတမ်း လေးစားနေမှာ ဖြစ်တယ်လို့ ပါနဲလ်က ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ အမည်မသိ အမေရိကန် စစ်သားတစ်ဦးကို ၁၉၂၁ ခုနှစ်တုန်းက အမည်မဲ့ စစ်သည် ဂူဗိမာန်မှာ စတင် မြှုပ်နှံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒုတိယ ကမ္ဘာစစ်နဲ့ ကိုရီးယား စစ်ပွဲတွေမှာ ကျဆုံးခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်တဲ့ နောက်ထပ် အမေရိကန် စစ်သား ၂ ဦးကိုလည်း အဲဒီနေရာမှာ ထပ်မံ မြှုပ်နှံခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီစစ်သင်္ချိုင်းဟာ စစ်မြေပြင်မှာ ပျောက်ဆုံးသွားတဲ့၊ ရုပ်အလောင်း ပြန်ရှာမတွေ့တော့တဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေအတွက် ဖြေသိမ့်မှုပေးတဲ့ အထိမ်းအမှတ် နေရာတစ်ခုအဖြစ် သတ်မှတ် ခံလာရသလို ပျောက်ဆုံးစစ်သည်တွေကို ကိုယ်စားပြုပေးတဲ့ အမျိုးသား စစ်သင်္ချိုင်းတစ်ခုအဖြစ် တည်ရှိလာခဲ့ပါတယ်။
ကိုးကား: CNN





















































