Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို ပြန်လည် သိမ်းသွင်းယူရေး ပြီးမြောက်အောင် ဆောင်ရွက်ရမယ်လို့ ရှီကျင့်ဖျင်ပြော

ထိုင်ဝမ်ကျွန်းကို တရုတ်ပိုင်နက်ထဲ ပြန်လည် စုစည်းသိမ်းသွင်းယူရေးကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ်ကျွန်းကို တရုတ်ပိုင်နက်ထဲ ပြန်လည် စုစည်းသိမ်းသွင်းယူရေးကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က ဘေဂျင်းမြို့တော်က တရုတ် ပြည်သူ့ ခန်းမဆောင်ကြီးမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ရှီက ထိုင်ဝမ်ကိစ္စဟာ တရုတ် ကွန်မြူနစ် ပါတီအတွက် ယိမ်းယိုင်ပြောင်းလဲစရာ မရှိတဲ့ သမိုင်းပေး တာဝန်လို့ ရည်ညွှန်းသွားခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့တောင် ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ သီးခြားနိုင်ငံအဖြစ် ရပ်တည်ရေးကိုသာ လိုလားနေပါတယ်။

ရှီရဲ့ မိန့်ခွန်းထဲမှာတော့ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေးမှာ အင်အားသုံးနိုင်တယ် ဆိုတာမျိုး ထည့်ပြောမသွားဘဲ အတတ်နိုင်ဆုံး ငြိမ်းချမ်းတဲ့ နည်းလမ်းကိုပဲ ရွေးချယ်ဖို့ ရည်ရွယ်ထားကြောင်း ထည့်သွင်း ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

သမိုင်းရဲ့ ဒီရေလှိုင်းတွေကို ရပ်တန့်လို့ ရမှာ မဟုတ်ကြောင်း၊ ထိုင်ဝမ်ကျွန်းကို အမိနိုင်ငံနဲ့ ပြန်လည် ပေါင်းစည်းစေရေး ရည်မှန်းချက်ဟာ လက်တွေ့ အထမြောက်လာဖို့ လိုကြောင်း၊ လက်တွေ့လည်း အထမြောက်လာမှာ ဖြစ်ကြောင်း ရှီက ဆိုပါတယ်။

တရုတ်ဘုရင်စနစ်ကို အဆုံးသတ်မယ့် တော်လှန်ရေး အခြေခံ အုတ်မြစ် ချပေးခဲ့သူ ဒေါက်တာ ဆွန်ယက်ဆင်ရဲ့ အသက် ၁၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အခမ်းအနားမှာ ရှီက မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ‘နိုင်ငံတစ်ခု၊ စနစ်နှစ်ခု’ မူအပေါ် အခြေခံပြီး ထိုင်ဝမ်ကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည် သိမ်းသွင်းဖို့ ရည်ရွယ်ထားကြောင်း ရှီက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ပြည်သူတွေ အပါအဝင် တရုတ်နိုင်ငံသား အားလုံးဟာ လွတ်လပ်ရေး တောင်းဆိုတဲ့ ထိုင်ဝမ် ခွဲထွက်ရေး ဝါဒီတွေကို ဆန့်ကျင်ပြီး ထိုင်ဝမ်ရေလက်ကြား တဝိုက်က ငြိမ်းချမ်းသာယာ၊ စည်ပင်ဝပြောမှုအတွက် တွန်းအားပေး ဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

မိန့်ခွန်းထဲမှာ ရှီက အင်အားသုံးမယ့် ဖြစ်နိုင်ခြေအကြောင်း ထည့်ပြောမသွားပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်ဟာ ထိုင်ဝမ်ကျွန်း တဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ၊ လေ့ကျင့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေခဲ့ပါတယ်။

ထိုင်ဝမ် အစိုးရကတော့ ရှီရဲ့ မိန့်ခွန်းနဲ့ ပတ်သက်လို့ ဘာတုံ့ပြန် မှတ်ချက်မှ မပေးသေးပါဘူး။ သမ္မတ လိုင်ချင်တေး ဦးဆောင်တဲ့ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီဟာ ထိုင်ဝမ်က တရုတ် လက်အောက်ခံ မဟုတ်ဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်တယ်ဆိုတဲ့ သဘောထားကို အခိုင်အမာ ဆုပ်ကိုင်ထားပြီး တရုတ်ကတော့ လိုင်ကို ခွဲထွက်ရေး လှုပ်ရှားသူ တစ်ဦးအဖြစ် စွပ်စွဲ ရှုတ်ချထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ