Connect with us

Hi, what are you looking for?

Short Story

‘နှင်းထုကြားက နှလုံးသားရစ်သမ်’

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကျနော်တို့ကျောင်းတွေလည်း ၃ လကျော်မျှ ပိတ်ထားခဲ့ရတယ်။ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာရယ်၊ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်ကြောက်ကြတာရယ်ကြောင့် ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘဲ တောထဲတောင်ထဲ ဂူထဲ တောင်ယာမှာ စသဖြင့် အတော်များများ ရှောင်ပုန်းနေထိုင်ခဲ့ကြရတယ်။ ကျနော်တို့လည်း အလားတူ နီးစပ်ရာ ဗုံးခိုကျင်းဆီ သွားရှောင်ပုန်းလိုက် အခြေအနေအေးမယ်ထင်ရင် အိမ်ပြန်နေလိုက်နဲ့ပေါ့။

◼️ ငြိမ်းကိုငြိမ်း

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကျနော်တို့ကျောင်းတွေလည်း ၃ လကျော်မျှ ပိတ်ထားခဲ့ရတယ်။ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာရယ်၊ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်ကြောက်ကြတာရယ်ကြောင့် ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘဲ တောထဲတောင်ထဲ ဂူထဲ တောင်ယာမှာ စသဖြင့် အတော်များများ ရှောင်ပုန်းနေထိုင်ခဲ့ကြရတယ်။ ကျနော်တို့လည်း အလားတူ နီးစပ်ရာ ဗုံးခိုကျင်းဆီ သွားရှောင်ပုန်းလိုက် အခြေအနေအေးမယ်ထင်ရင် အိမ်ပြန်နေလိုက်နဲ့ပေါ့။

ဒီလိုနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေဟာ တပ်စခန်းတွေ တခုပြီးတခု မြို့တမြို့ပြီး တမြို့ သိမ်းပိုက်အောင်မြင်နိုင်ခဲ့ပြီးနောက်မှာ အခြေအနေတွေဟာ အနည်းငယ် အေးချမ်းလာခဲ့ပါတော့တယ်။

၂၀၂၃၊ ဒီဇင်ဘာလထဲမှာတော့ ကလေးတွေ ပညာရေးနဲ့ ဝေးသထက်ဝေးနေကြမှာ စိုးစိတ်နဲ့ စာသင်ချင်တဲ့ ကလေးတချို့ကို အိမ်မှာပဲ စာစခေါ်သင်ပေးဖြစ်ခဲ့တယ်။ အစက ၅ တန်းကလေးတယောက်၊ နောက်တော့နှစ်ယောက်… ဒီလိုနဲ့သင်လာရင်း ၄ တန်း၊ ၃ တန်း၊ ၂ တန်း၊ ၁ တန်း၊ KG ကစလို့ ကလေးအတော်များများ ရောက်လာကြပါတော့တယ်။ ကလေးတွေများလာတော့ အိမ်မှာ နေရာအဆင်မပြေတာကြောင့် ကျောင်းက စာသင်ခုံတွေ သွားသယ်ပြီး ဘေးကပ်ရပ်အိမ်ကိုပါ အကူအညီတောင်း နှစ်နေရာ ခွဲသင်ခဲ့ကြတယ်။

Public Service Announcement

Public Service Announcement

ကလေးတယောက် တိုးလာတိုင်း ဘယ်သူတော့ဖြင့် ရောက်လာပြန်ပြီဟေ့ဆိုပြီး မမြင်မတွေ့ရကြာပြီဖြစ်တဲ့ ကိုယ့်ကလေးတွေကို ပြန်တွေ့ကြရချိန် ကြည်နူးပီတိဖြစ်ကြရ၊ ဒီလိုနဲ့ပဲ အတော်ကြာ ခြောက်ကပ် တိတ်ဆိတ် နေခဲ့တဲ့ ကျနော်တို့အိမ်လေးဟာလည်း ကလေးတွေရဲ့ စာအံစာကျက်သံ ဆော့ကစားသံ ပျော်ရွှင်ရယ်မောကြသံတွေနဲ့အတူ ဆည်းလည်းသံလေးတွေ တချွင်ချွင်နဲ့ ဒီဇင်ဘာနှင်းများကြားမှာ စည်ကားသထက် စည်ကားလာပါတော့တယ်။

စစ်ရေးကာလ ကျောင်းတွေပိတ်ထားချိန် အိမ်မှာ ကျနော်တို့ စာသင်ပေးနေတာကြားတော့ မနီးမဝေးက ကချင်ရွာတရွာက ကလေးမိဘတွေ ကျနော်တို့ဆီ ရောက်လာကြတယ်။ သူတို့ကလေးတွေက ဆရာတို့ဆီ စာလာသင်ချင်ကြတာ၊ သူတို့တွေက ဗုဒ္ဓဘာသာမဟုတ်ဘဲ ခရစ်ယာန်တွေဖြစ်တာကြောင့် ဆရာတို့ လက်ခံပြီးသင်မပေးမှာ တွေးပူမိကြတဲ့အကြောင်း ပြောပြကြ… ကျနော်တို့က လူမျိုး ဘာသာရယ် မခွဲခြားဘဲ ဒီနယ်ဒီဒေသက စာသင်ချင်တဲ့ ဘယ်ကလေးကိုမဆို သင်ပေးမှာဖြစ်ပြီး အခကြေးငွေလည်း လုံးဝပေးစရာမလိုဘဲ စေတနာသက်သက်နဲ့သာ သင်ပေးမှာဖြစ်တဲ့အကြောင်း ပြောဆိုရှင်းပြတော့ သူတို့ ဝမ်းသာပျော်ရွှင်သွားကြတယ်။

နောက်ရက်မှာ ကချင်ကလေးတွေ ရောက်လာကြပြီး ရွာက ပလောင်ကလေးတွေနဲ့အတူ စာတူတူသင်ကြ .. နောက်ပိုင်းမှာ ၉ တန်းကလေးတယောက်နဲ့ ၇ တန်းကလေးနှစ်ယောက်က ဆရာတို့ဆီ စာလာသင်လို့ပါဆိုပြီး မိဘတွေကိုယ်တိုင် လာအပ်ကြတော့ ကျနော်တို့ဆီမှာ မူလတန်းအဆင့်ထိသာရှိတာမို့ ၉ တန်းနဲ့ ၇ တန်းအတွက် ပုံနှိပ်စာအုပ်တွေ မရှိတဲ့အကြောင်း၊ ပုံနှိပ်စာအုပ်တွေရှိရင် သင်ပေးလို့ရကြောင်းပြောလိုက်တော့ သူတို့ဘာသူတို့ စာအုပ်တွေ ရှာယူပြီးရောက်လာချိန်မှာ ၉ တန်းနဲ့ ၇ တန်းကလေးတွေကို မြန်မာစာ အင်္ဂလိပ်စာနဲ့ သင်္ချာ သုံးဘာသာကို ကျနော် စသင်ပေးခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ကလေးချင်းရော ကျနော်တို့နဲ့ပါ ရင်းနှီးကျွမ်းဝင်လာကြပြီး သံယောဇဉ်ကြိုးတွေ တရစ်ပြီးတရစ် အထပ်ထပ်ချည်နှောင်မိခဲ့ကြပါတော့တယ်။ လုံးဝ လုံခြုံစိတ်ချရတဲ့ အခြေအနေမဟုတ်ပေမယ့် နယ်မြေအနေအထား အေးချမ်းစပြုလာတဲ့ အခြေအနေတရပ်မှာ ၂၀၂၄၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ကျောင်းတွေကို ကျနော်တို့ပြန်လည် ဖွင့်လှစ်ခဲ့ကြပါတယ်။ ဆောင်းနှင်းပွင့်များနှင့်အတူ နံနက်ခင်းထိုးထွက်စ နေရောင်ခြည်ကြားမှာ ကျောင်းဖွင့်ရက် စုဝေးရောက်ရှိလာကြတဲ့ ကလေးတွေကို မြင်ရတော့ လွမ်းမောစိတ်နဲ့ ရင်မှာအတိုင်းမသိ ပီတိဖြစ်ကြရ ..မရှေးမနှောင်းမှာဘဲ ကချင်ကျောင်းတချို့လည်း ပြန်ဖွင့်ခဲ့ကြ .. အဲဒီမှာ ကျနော်တို့ဆီ တက်နေတဲ့ ကချင်ကလေးတချို့က ကချင်ကျောင်းတွေ ပြန်ဖွင့်ပြီမို့ သူတို့မိဘတွေက ကချင်ကျောင်းမှာပဲ ပြန်ပြောင်းတက်ဖို့ပြောတယ်လို့ လာပြောကြ .. သမီးတို့က ဆရာကြီးဆီမှာပဲ ဆက်သင်ချင်တာ သမီးတို့ ပြောင်းမတက်ချင်ဘူးဆရာကြီးလို့ မျက်နှာငယ်လေးတွေနဲ့ ဆိုလာတော့ ဝမ်းနည်းဝမ်းသာစိတ်နဲ့ မျက်ရည်ဝဲရ .. သမီးတို့သဘောပါ ဘယ်ကျောင်းမှာတက်တက် သမီးတို့ စာတတ်ဖို့က အဓိကပဲ .. သမီးတို့မိဘတွေက ကချင်ကျောင်းမှာပဲ ပြောင်းတက်စေချင်တယ်ဆို မိဘတွေစိတ်ချမ်းသာအောင် တက်ပေးလိုက်ကြပါလို့ပဲ ပြောမိခဲ့တယ်။

အဲဒီထဲကမှ ၅ တန်းက သမီးလေး ထုဆန် ၄ တန်းက သမီးလေး ဂျီးနန်နဲ့ ဆိုင်းပန်တို့က ဆရာကြီးဆီပဲနေမှာဆိုပြီး ကျောင်းမပြောင်းဘဲ ခုထိဆက်တက်ခဲ့ကြ ..

တမနက် ၅ တန်းက သမီးလေး ထွယ်ဆိုင်းခေါန်ဟာ သူမရဲ့ အမေနဲ့အတူ အိမ်ကိုရောက်လာ ..

ဆရာကြီးရယ် သမီးက ဒီမှာပျော်နေတာ ဆရာတို့ဆီမှာပဲ ဆက်နေချင်ပေမယ့် ကျမတို့က ကချင်ကျောင်းပြောင်းထားချင်တာမို့ ဆရာကြီးဆီ လာခွင့်တောင်းတာပါ .. တကယ်လို့ ဟိုမှာ သမီးကမပျော်လို့ ဆရာကြီးတို့ဆီ ပြန်လာချင်တယ်ဆို ဆရာကြီး ပြန်လက်ခံပေးလို့ ရနိုင်မလားတဲ့ ..

ဟုတ်ကဲ့ပါလို့ .. ကျနော်တို့ ကလေးတွေအတွက် အမြဲတံခါးဖွင့်ပေးထားမှာပါလို့ .. ကလေးမျက်နှာကို ဝေ့ကြည့်မိတော့ မျက်ဝန်းမှာ မျက်ရည်စတို့ ဝေ့သီနေတာကို မြင်မိတော့ ဝမ်းနည်းနာကျင်မိရ ..

ကျောင်းတွေ ပြန်ဖွင့်တာ တလနီးပါးခန့်ကြာခဲ့ပေပြီ။

ကျောင်းသား တရာကျော်ခန့်ရှိတဲ့ ရွာကျောင်းလေးမှာ ကျနော်တို့လည်း တတန်းဝင်တတန်းထွက် စာသင်ပေးနေကြရင်း ပင်ပန်းလို့ပင်ပန်းမှန်း မသိအောင် ..

တနေ့ ကျောင်းမသွားခင် ရွာထိပ်က ဆိုင်လေးမှာ စျေးသွားဝယ်တော့ ကချင်ကျောင်းသွားတက်ကြတဲ့ ကချင်ရွာက ကလေးတချို့နဲ့ လမ်းမှာ ဆုံရ ..မင်္ဂလာပါ ဆရာကြီးတဲ့ ..

အသံကြားလို့ ကြည့်လိုက်တော့ လက်လေးပိုက် ခေါင်းလေးငုံ့ပြီး ကျနော့်ကို နှုတ်ဆက်နေတဲ့ သမီးလေး ထွယ်ဆိုင်းခေါန် ..

ဝမ်းနည်းဝမ်းသာစိတ်နဲ့ နေကောင်းရဲ့လား အဆင်ပြေလားမေးတော့ ဟုတ် ဆရာကြီးတဲ့ ..

ဒီလိုနဲ့ မနက်ခင်း နှင်းထုများကြား တရွေ့ရွေ့ ထွက်သွားတဲ့ ကလေးတွေကို ရပ်ကြည့်နေမိရင်း ရင်ထဲ ဆို့နင့်လွမ်းမောလာ ..

ကျောင်းပြောင်းသွား ကျောင်းထွက်သွားကြတဲ့ ကလေးတွေရှိလာတိုင်း ခုလိုထိရှခံစားနေရရင် နောင်တချိန် တော်လှန်ရေးကြီးအောင်မြင်ပြီးတဲ့တနေ့မှာ ဒီကလေးတွေနဲ့ ဒီကျောင်းလေးကို ထားရစ်ပြီး ဘယ်လိုစိတ်ခံစားမှုမျိုးတွေနဲ့ ကျနော်အိမ်ကို ပြန်ရပါ့မလဲလို့ တွေးနေမိရင်း ရင်ထဲမှာ တင်းကျပ် မောလှိုက်နေမိပါတော့တယ်။

သမီးလေး ထွယ်ဆိုင်းခေါန် (၅တန်း) နှင့် သမီးလေး လုလုမိုင် (၉တန်း) သို့ ..

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှ ‘ငြိမ်းကိုငြိမ်း’ရဲ့ “နှင်းထုကြားက နှလုံးသားရစ်သမ်” ဝတ္ထုတို့ ကို People’s Springက ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...