Connect with us

Hi, what are you looking for?

Short Story

‘နှင်းထုကြားက နှလုံးသားရစ်သမ်’

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကျနော်တို့ကျောင်းတွေလည်း ၃ လကျော်မျှ ပိတ်ထားခဲ့ရတယ်။ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာရယ်၊ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်ကြောက်ကြတာရယ်ကြောင့် ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘဲ တောထဲတောင်ထဲ ဂူထဲ တောင်ယာမှာ စသဖြင့် အတော်များများ ရှောင်ပုန်းနေထိုင်ခဲ့ကြရတယ်။ ကျနော်တို့လည်း အလားတူ နီးစပ်ရာ ဗုံးခိုကျင်းဆီ သွားရှောင်ပုန်းလိုက် အခြေအနေအေးမယ်ထင်ရင် အိမ်ပြန်နေလိုက်နဲ့ပေါ့။

◼️ ငြိမ်းကိုငြိမ်း

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကျနော်တို့ကျောင်းတွေလည်း ၃ လကျော်မျှ ပိတ်ထားခဲ့ရတယ်။ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာရယ်၊ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်ကြောက်ကြတာရယ်ကြောင့် ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘဲ တောထဲတောင်ထဲ ဂူထဲ တောင်ယာမှာ စသဖြင့် အတော်များများ ရှောင်ပုန်းနေထိုင်ခဲ့ကြရတယ်။ ကျနော်တို့လည်း အလားတူ နီးစပ်ရာ ဗုံးခိုကျင်းဆီ သွားရှောင်ပုန်းလိုက် အခြေအနေအေးမယ်ထင်ရင် အိမ်ပြန်နေလိုက်နဲ့ပေါ့။

ဒီလိုနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေဟာ တပ်စခန်းတွေ တခုပြီးတခု မြို့တမြို့ပြီး တမြို့ သိမ်းပိုက်အောင်မြင်နိုင်ခဲ့ပြီးနောက်မှာ အခြေအနေတွေဟာ အနည်းငယ် အေးချမ်းလာခဲ့ပါတော့တယ်။

၂၀၂၃၊ ဒီဇင်ဘာလထဲမှာတော့ ကလေးတွေ ပညာရေးနဲ့ ဝေးသထက်ဝေးနေကြမှာ စိုးစိတ်နဲ့ စာသင်ချင်တဲ့ ကလေးတချို့ကို အိမ်မှာပဲ စာစခေါ်သင်ပေးဖြစ်ခဲ့တယ်။ အစက ၅ တန်းကလေးတယောက်၊ နောက်တော့နှစ်ယောက်… ဒီလိုနဲ့သင်လာရင်း ၄ တန်း၊ ၃ တန်း၊ ၂ တန်း၊ ၁ တန်း၊ KG ကစလို့ ကလေးအတော်များများ ရောက်လာကြပါတော့တယ်။ ကလေးတွေများလာတော့ အိမ်မှာ နေရာအဆင်မပြေတာကြောင့် ကျောင်းက စာသင်ခုံတွေ သွားသယ်ပြီး ဘေးကပ်ရပ်အိမ်ကိုပါ အကူအညီတောင်း နှစ်နေရာ ခွဲသင်ခဲ့ကြတယ်။

Public Service Announcement

Public Service Announcement

ကလေးတယောက် တိုးလာတိုင်း ဘယ်သူတော့ဖြင့် ရောက်လာပြန်ပြီဟေ့ဆိုပြီး မမြင်မတွေ့ရကြာပြီဖြစ်တဲ့ ကိုယ့်ကလေးတွေကို ပြန်တွေ့ကြရချိန် ကြည်နူးပီတိဖြစ်ကြရ၊ ဒီလိုနဲ့ပဲ အတော်ကြာ ခြောက်ကပ် တိတ်ဆိတ် နေခဲ့တဲ့ ကျနော်တို့အိမ်လေးဟာလည်း ကလေးတွေရဲ့ စာအံစာကျက်သံ ဆော့ကစားသံ ပျော်ရွှင်ရယ်မောကြသံတွေနဲ့အတူ ဆည်းလည်းသံလေးတွေ တချွင်ချွင်နဲ့ ဒီဇင်ဘာနှင်းများကြားမှာ စည်ကားသထက် စည်ကားလာပါတော့တယ်။

စစ်ရေးကာလ ကျောင်းတွေပိတ်ထားချိန် အိမ်မှာ ကျနော်တို့ စာသင်ပေးနေတာကြားတော့ မနီးမဝေးက ကချင်ရွာတရွာက ကလေးမိဘတွေ ကျနော်တို့ဆီ ရောက်လာကြတယ်။ သူတို့ကလေးတွေက ဆရာတို့ဆီ စာလာသင်ချင်ကြတာ၊ သူတို့တွေက ဗုဒ္ဓဘာသာမဟုတ်ဘဲ ခရစ်ယာန်တွေဖြစ်တာကြောင့် ဆရာတို့ လက်ခံပြီးသင်မပေးမှာ တွေးပူမိကြတဲ့အကြောင်း ပြောပြကြ… ကျနော်တို့က လူမျိုး ဘာသာရယ် မခွဲခြားဘဲ ဒီနယ်ဒီဒေသက စာသင်ချင်တဲ့ ဘယ်ကလေးကိုမဆို သင်ပေးမှာဖြစ်ပြီး အခကြေးငွေလည်း လုံးဝပေးစရာမလိုဘဲ စေတနာသက်သက်နဲ့သာ သင်ပေးမှာဖြစ်တဲ့အကြောင်း ပြောဆိုရှင်းပြတော့ သူတို့ ဝမ်းသာပျော်ရွှင်သွားကြတယ်။

နောက်ရက်မှာ ကချင်ကလေးတွေ ရောက်လာကြပြီး ရွာက ပလောင်ကလေးတွေနဲ့အတူ စာတူတူသင်ကြ .. နောက်ပိုင်းမှာ ၉ တန်းကလေးတယောက်နဲ့ ၇ တန်းကလေးနှစ်ယောက်က ဆရာတို့ဆီ စာလာသင်လို့ပါဆိုပြီး မိဘတွေကိုယ်တိုင် လာအပ်ကြတော့ ကျနော်တို့ဆီမှာ မူလတန်းအဆင့်ထိသာရှိတာမို့ ၉ တန်းနဲ့ ၇ တန်းအတွက် ပုံနှိပ်စာအုပ်တွေ မရှိတဲ့အကြောင်း၊ ပုံနှိပ်စာအုပ်တွေရှိရင် သင်ပေးလို့ရကြောင်းပြောလိုက်တော့ သူတို့ဘာသူတို့ စာအုပ်တွေ ရှာယူပြီးရောက်လာချိန်မှာ ၉ တန်းနဲ့ ၇ တန်းကလေးတွေကို မြန်မာစာ အင်္ဂလိပ်စာနဲ့ သင်္ချာ သုံးဘာသာကို ကျနော် စသင်ပေးခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ကလေးချင်းရော ကျနော်တို့နဲ့ပါ ရင်းနှီးကျွမ်းဝင်လာကြပြီး သံယောဇဉ်ကြိုးတွေ တရစ်ပြီးတရစ် အထပ်ထပ်ချည်နှောင်မိခဲ့ကြပါတော့တယ်။ လုံးဝ လုံခြုံစိတ်ချရတဲ့ အခြေအနေမဟုတ်ပေမယ့် နယ်မြေအနေအထား အေးချမ်းစပြုလာတဲ့ အခြေအနေတရပ်မှာ ၂၀၂၄၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ကျောင်းတွေကို ကျနော်တို့ပြန်လည် ဖွင့်လှစ်ခဲ့ကြပါတယ်။ ဆောင်းနှင်းပွင့်များနှင့်အတူ နံနက်ခင်းထိုးထွက်စ နေရောင်ခြည်ကြားမှာ ကျောင်းဖွင့်ရက် စုဝေးရောက်ရှိလာကြတဲ့ ကလေးတွေကို မြင်ရတော့ လွမ်းမောစိတ်နဲ့ ရင်မှာအတိုင်းမသိ ပီတိဖြစ်ကြရ ..မရှေးမနှောင်းမှာဘဲ ကချင်ကျောင်းတချို့လည်း ပြန်ဖွင့်ခဲ့ကြ .. အဲဒီမှာ ကျနော်တို့ဆီ တက်နေတဲ့ ကချင်ကလေးတချို့က ကချင်ကျောင်းတွေ ပြန်ဖွင့်ပြီမို့ သူတို့မိဘတွေက ကချင်ကျောင်းမှာပဲ ပြန်ပြောင်းတက်ဖို့ပြောတယ်လို့ လာပြောကြ .. သမီးတို့က ဆရာကြီးဆီမှာပဲ ဆက်သင်ချင်တာ သမီးတို့ ပြောင်းမတက်ချင်ဘူးဆရာကြီးလို့ မျက်နှာငယ်လေးတွေနဲ့ ဆိုလာတော့ ဝမ်းနည်းဝမ်းသာစိတ်နဲ့ မျက်ရည်ဝဲရ .. သမီးတို့သဘောပါ ဘယ်ကျောင်းမှာတက်တက် သမီးတို့ စာတတ်ဖို့က အဓိကပဲ .. သမီးတို့မိဘတွေက ကချင်ကျောင်းမှာပဲ ပြောင်းတက်စေချင်တယ်ဆို မိဘတွေစိတ်ချမ်းသာအောင် တက်ပေးလိုက်ကြပါလို့ပဲ ပြောမိခဲ့တယ်။

အဲဒီထဲကမှ ၅ တန်းက သမီးလေး ထုဆန် ၄ တန်းက သမီးလေး ဂျီးနန်နဲ့ ဆိုင်းပန်တို့က ဆရာကြီးဆီပဲနေမှာဆိုပြီး ကျောင်းမပြောင်းဘဲ ခုထိဆက်တက်ခဲ့ကြ ..

တမနက် ၅ တန်းက သမီးလေး ထွယ်ဆိုင်းခေါန်ဟာ သူမရဲ့ အမေနဲ့အတူ အိမ်ကိုရောက်လာ ..

ဆရာကြီးရယ် သမီးက ဒီမှာပျော်နေတာ ဆရာတို့ဆီမှာပဲ ဆက်နေချင်ပေမယ့် ကျမတို့က ကချင်ကျောင်းပြောင်းထားချင်တာမို့ ဆရာကြီးဆီ လာခွင့်တောင်းတာပါ .. တကယ်လို့ ဟိုမှာ သမီးကမပျော်လို့ ဆရာကြီးတို့ဆီ ပြန်လာချင်တယ်ဆို ဆရာကြီး ပြန်လက်ခံပေးလို့ ရနိုင်မလားတဲ့ ..

ဟုတ်ကဲ့ပါလို့ .. ကျနော်တို့ ကလေးတွေအတွက် အမြဲတံခါးဖွင့်ပေးထားမှာပါလို့ .. ကလေးမျက်နှာကို ဝေ့ကြည့်မိတော့ မျက်ဝန်းမှာ မျက်ရည်စတို့ ဝေ့သီနေတာကို မြင်မိတော့ ဝမ်းနည်းနာကျင်မိရ ..

ကျောင်းတွေ ပြန်ဖွင့်တာ တလနီးပါးခန့်ကြာခဲ့ပေပြီ။

ကျောင်းသား တရာကျော်ခန့်ရှိတဲ့ ရွာကျောင်းလေးမှာ ကျနော်တို့လည်း တတန်းဝင်တတန်းထွက် စာသင်ပေးနေကြရင်း ပင်ပန်းလို့ပင်ပန်းမှန်း မသိအောင် ..

တနေ့ ကျောင်းမသွားခင် ရွာထိပ်က ဆိုင်လေးမှာ စျေးသွားဝယ်တော့ ကချင်ကျောင်းသွားတက်ကြတဲ့ ကချင်ရွာက ကလေးတချို့နဲ့ လမ်းမှာ ဆုံရ ..မင်္ဂလာပါ ဆရာကြီးတဲ့ ..

အသံကြားလို့ ကြည့်လိုက်တော့ လက်လေးပိုက် ခေါင်းလေးငုံ့ပြီး ကျနော့်ကို နှုတ်ဆက်နေတဲ့ သမီးလေး ထွယ်ဆိုင်းခေါန် ..

ဝမ်းနည်းဝမ်းသာစိတ်နဲ့ နေကောင်းရဲ့လား အဆင်ပြေလားမေးတော့ ဟုတ် ဆရာကြီးတဲ့ ..

ဒီလိုနဲ့ မနက်ခင်း နှင်းထုများကြား တရွေ့ရွေ့ ထွက်သွားတဲ့ ကလေးတွေကို ရပ်ကြည့်နေမိရင်း ရင်ထဲ ဆို့နင့်လွမ်းမောလာ ..

ကျောင်းပြောင်းသွား ကျောင်းထွက်သွားကြတဲ့ ကလေးတွေရှိလာတိုင်း ခုလိုထိရှခံစားနေရရင် နောင်တချိန် တော်လှန်ရေးကြီးအောင်မြင်ပြီးတဲ့တနေ့မှာ ဒီကလေးတွေနဲ့ ဒီကျောင်းလေးကို ထားရစ်ပြီး ဘယ်လိုစိတ်ခံစားမှုမျိုးတွေနဲ့ ကျနော်အိမ်ကို ပြန်ရပါ့မလဲလို့ တွေးနေမိရင်း ရင်ထဲမှာ တင်းကျပ် မောလှိုက်နေမိပါတော့တယ်။

သမီးလေး ထွယ်ဆိုင်းခေါန် (၅တန်း) နှင့် သမီးလေး လုလုမိုင် (၉တန်း) သို့ ..

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှ ‘ငြိမ်းကိုငြိမ်း’ရဲ့ “နှင်းထုကြားက နှလုံးသားရစ်သမ်” ဝတ္ထုတို့ ကို People’s Springက ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …