Connect with us

Hi, what are you looking for?

Short Story

‘အချိန်များ အားလုံး တနင်္ဂနွေနေ့မှာ ရပ်တန့်သွားတယ်’

တနင်္ဂနွေနေ့ ဟာ “မင်း တယောက်ယောက်ကို သတ်မှာလား” ဒါမှမဟုတ် “တယောက်ယောက်က မင်းကို လာသတ်မှာကို ပြန်ခုခံမှာလား” ဆိုတဲ့ လေ့ကျင့်မှုမျိုး မရှိတဲ့ နေ့ပေါ့။ အထူးသဖြင့် အဲ့ တနင်္ဂနွေနေ့မှာ မင်းဟာ အခုလို လက်နက်ကိုင်လမ်းစဉ်ကို ရွေးထားပြီး စစ်သင်တန်းတခုကို ရောက်နေခဲ့ရင်ပေါ့။

◼️​မောင်​ကျောက်ခဲ

တနင်္ဂနွေနေ့ ဟာ “မင်း တယောက်ယောက်ကို သတ်မှာလား” ဒါမှမဟုတ် “တယောက်ယောက်က မင်းကို လာသတ်မှာကို ပြန်ခုခံမှာလား” ဆိုတဲ့ လေ့ကျင့်မှုမျိုး မရှိတဲ့ နေ့ပေါ့။ အထူးသဖြင့် အဲ့ တနင်္ဂနွေနေ့မှာ မင်းဟာ အခုလို လက်နက်ကိုင်လမ်းစဉ်ကို ရွေးထားပြီး စစ်သင်တန်းတခုကို ရောက်နေခဲ့ရင်ပေါ့။ ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံးမှာ မင်းဟာ ကားကြိတ်သွားတဲ့ ပက်ကျိတကောင်လို ခံစားရလိမ့်မယ်။ “ဒါတွေ ဘယ်တော့ ပြီးသွားမလဲ”ဆိုတာ ဘုရားသခင် တကယ်ရှိရဲ့လားဆိုတဲ့ မေးခွန်းလိုပဲ ဖြေရမှာလည်း ခက်နေမယ်။ အဲ့ဒီ တနင်္ဂနွေဟာ သိခဲ့ဖူးသမျှ တနင်္ဂနွေထဲမှာ တော့ အကြာဆုံးပဲ။

“နင်ယူချင်ယူထားလို့ ရတယ်။ ဒီဆေးလိပ်တွေ ငါတကယ်သောက်တာ မဟုတ်ဘူး။ ဒီအတိုင်းအငွေ့ထွက်ယုံလေးပဲ” ဆိုပြီး သူ့ဆေးလိပ်ဘူးတွေ ငါ့ကို ပေးခဲ့တဲ့ ကောင်မလေးတယောက်ကို အဲ့ တနင်္ဂနွေနေ့မှာ တွေ့ခဲ့ရတယ်။ ငါက “အတွေးတွေ များလို့သောက်တာ” လို့ပြောတော့ သူပြန်ပြောတာက “အများကြီးမတွေးနဲ့” တဲ့။ ကော်ဖီရည်ကျဲကျဲကို မျှသောက်ကြပြီး အထူးတလည် စိတ်မဝင်စားကြတဲ့ ရောက်တတ်ရာရာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ နဲ့ အိပ်မက်တွေ အကြောင်း ငါတို့ပြောဖြစ်ခဲ့ကြတယ်။

တိုက်ပွဲတွေကြားထဲမှာ ဓာတ်ပုံလိုက်ရိုက်ချင်တာက လက်ထဲ ကင်မရာလွယ်ပြီး သေချင်တာလည်းဖြစ်နိုင်တာပဲ။ လူမသိသူမသိနေပြီး သေသွားရတာမျိုးထက်တော့ ဒါက ပိုမိုက်မယ် ထင်တာပဲ။ သတင်းစာထဲကနေ ထွက်လာမယ့် သွေးညှီနံ တခု ဖြစ်ချင်ဖြစ်မယ်၊ အိမ်ပြန်နောက်ကျတော့မယ့် အိမ်ပြေးတယောက်အကြောင်းလဲ ဖြစ်နိုင်တာပဲ၊ အခင်းဖြစ်ပွါးရာ နေရာမှာ တယောက်ယောက် အသက်ရှင်ကျန်ရစ်နေသေးရင် ကံကောင်းလို့ သုံးသပ်ရမလား ကံဆိုးတယ်လို့သုံးသပ်ရမလား။ အနိဠာရုံတွေကို လူတွေဆီငါ ပြန်ပြောပြနိုင်လာမယ် ထင်နေတုန်းပဲ။ စကားလုံးတွေ တိတ်ဆိတ်သွားတော့ အဲ့ တနင်္ဂနွေဟာ အရင်နေ့တွေထက် ပိုပြီး ပူလာတယ်။

Public Service Announcement

Public Service Announcement

အဲ့တနင်္ဂနွေမှာ အရာရာဟာ တိတ်ဆိတ်သွားတယ်။

ကိုယ့်ကိုကိုယ်ပြန်လည်ရှာဖွေရင်းနဲ့ ရန်ကုန်ကနေ တခါမှ မတွေးဖူးတဲ့ နယ်စပ်က တောအုပ်ထဲ ရောက်နှင့်နေပြီ။ သူလည်း ငါတို့လိုပဲ တညမှာ အမေ့ကို နှုတ်ဆက်စကား တောင် မပြောခဲ့ဘဲ ထားခဲ့ဖူးရလိမ့်မယ်။ အတိတ်တွေကို ရန်ကုန်မြစ်ထဲ စွန့်ပစ်ခဲ့ဖူးလိမ့်မယ်။ တဒင်္ဂလောက် ငြိမ်သက်သွားပြီးတဲ့နောက်မှာ သူမဟာ သူ့ကိုယ်သူယုံကြည်ဖို့ ကြိုးစားနေရတုန်းပဲ တဲ့။ အရင်တုန်းက ရှည်ခဲ့ဖူးတဲ့ ဆံပင်တွေညှပ်ပစ်လိုက်တာဟာ နိုင်ငံရေးအပြောင်းအလဲတခု မဟုတ်ရင် မင်းပြောင်းမင်းလွှဲကိန်းပဲ။ သူမ နာမည်အသစ်ပြောင်းထားတယ်။ အဲ့ နာမည်အသစ်ကို တခါတလေ မေ့မေ့နေမယ်။ ဒီအကြောင်းတွေဟာ ရုပ်ရှင်ထဲမှာသာဆိုရင် သူဟာ Credits Roll မတိုင်ခင် ထွက်သွားရတဲ့ သူမျိုးပဲဖြစ်မှာ။ အခုတော့ အဲ့ကောင်မလေးရဲ့ ဆံပင်က အဖျားဆတ်ဆတ် ဆံတိုတို ဆံပင်ပုံစံဖြစ်သွားခဲ့ပြီ။ မျက်လုံးတွေက စကားပြောနေတုန်း ဖျတ်ဖျတ်ခတ်နေတာဟာ အတိတ်တခုကို ကက်ဆက်တိတ်ခွေ တခွေလို နောက်ပြန်ရစ်လိုက်သလိုပဲ။ ပုံစံအသစ်နဲ့ တဖြေးဖြေးနေသားကျ လာပုံပေါ်တယ်။ လည်ရှည်တိုက်ခိုက်ရေးဖိနပ်တွေကို ပိုပြီးခုံမင်လာမယ်။ အဲ့တနင်္ဂနွေမှာ အရာရာအားလုံးဟာ ရောက်တတ်ရာရာဖြစ်နေခဲ့တယ်။

မြေကြီးမှာ အခင်းခင်းကာ သေနတ်အား အပင်တွင် ချိတ်၍ လှဲလိုက်သည်။ သူမသည် ရံဖန်ရံခါ သီချင်းငြီးနေဟ န်တူသည်။ တိမ်များအား အချိန်အတော်ကြာ ပုံဖော် ကြည့်ပြီးနောက်တွင် သက်ပြင်းချသံ များလည်းကြားရသည်။ ရံဖန်ရံခါတွင် အဝေးမှ လက်နက်ကြီး ကျသံများလည်း ကြားရသည်။ သူမ သေသွားပြီဟု ထင်နေသည့် သူမ၏ ဝမ်းကွဲမောင်တယောက်အကြောင်း၊ အဝါရောင်ကြောင်ထီးကြီး အကြောင်း၊ ရန်ကုန်မှ တိုက်ခန်းတခုအကြောင်း၊ YBS (၂၅) သည် သခင်မြပန်းခြံသို့ မရောက်ကြောင်း၊ အိမ်နောက်ဖေး ငှက်ပျောပင်အောက်တွင် ကြွတ်ကြွတ်အိတ်ဖြင့် မြုပ်ထားရစ်ခဲ့သည့် ကျောင်းသားသမဂ္ဂ အလံ အကြောင်းများ ပြောဖြစ်ခဲ့ကြသည်။

ဘာမှမတည်မြဲသော အဲ့ တနင်္ဂနွေ မှာ အချိန်တွေအားလုံးရပ်တန့်သွားသလိုခံစားရတယ်။

တောင်ကုန်းတခုဟာ အဲ့တနင်္ဂနွေ ဖြစ်ပြီး ကိုယ်စီ မေ့ပစ်ဖို့ ကြိုးစားလိုက်ရတဲ့ အတိတ်တွေနဲ့ အရင်တုန်းက ဘယ်သူဘယ်ဝါဆိုတဲ့ ဂုဏ်ပုဒ်တွေကို ရေသန်ဘူးခွံလိုပဲ ထားရစ်ခဲ့ကြတယ်။ အတော်ကြာတော့ တပ်ခွဲရုံးက စက်လှမ်းပေါက်တယ်။ ကိုယ်စီ တောင်ကုန်း ပေါ်မှ ပြန်လည် ဆုတ်ခွါလာခဲ့တယ်။ ငါတို့ အဲ့ဒီ တနင်္ဂနွေမှာ “Good Bye” လို့တောင် နှုတ်ဆက်ဖို့ မလိုအပ်ခဲ့ဘူး။ မြေလမ်းကလေးအတိုင်း လျှောက်ပြန်လာကြတယ်။ တဖြည်းဖြည်း ရွာနဲ့ နီးလာတယ်။ ဆူညံသံတွေက တဖြည်းဖြည်းကျယ်လာပြီး နှလုံးခုန်သံတွေ တဖြည်းဖြည်း တိုးသွားတယ်။ တွေးမိတယ်။ ဒါပေမယ့် မသေချာပါဘူး။ ကျနော်တို့ရဲ့ တစိတ်တပိုင်းဟာ အဲ့တနင်္ဂနွေမှာ ဒါမှမဟုတ် အဲ့ဒီ တောင်ကုန်းကလေးပေါ်မှာ ကျန်ရစ်ခဲ့သလား။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​မောင်​ကျောက်ခဲ’ ​ရေးဖွဲ့တဲ့ “အချိန်များ အားလုံး တနင်္ဂနွေနေ့မှာ ရပ်တန့်သွားတယ်” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...