Connect with us

Hi, what are you looking for?

Short Story

‘ရဲဘော် စာကလေး’

“နာမည်ပြောပါ”ဆိုတော့ လူနာက “မပြောလို့ မရဘူးလား”ဆိုပြီး ပြန်မေးတယ်။ သူနာပြုဆရာမလေးက လူနာကို မျက်စောင်းလှလှထိုးလိုက်တယ်။

“မပြောလို့တော့ မရဘူးရှင်။ ကျမတို့က လူနာစာရင်းသွင်းရမှာ”

◼️ရဲသူအောင်

(၁)

“နာမည်ပြောပါ”ဆိုတော့ လူနာက “မပြောလို့ မရဘူးလား”ဆိုပြီး ပြန်မေးတယ်။ သူနာပြုဆရာမလေးက လူနာကို မျက်စောင်းလှလှထိုးလိုက်တယ်။

“မပြောလို့တော့ မရဘူးရှင်။ ကျမတို့က လူနာစာရင်းသွင်းရမှာ”

Public Service Announcement

Public Service Announcement

လူနာက မဖြေချင် ဖြေချင်ပုံစံနဲ့ ခပ်ရွံ့ရွံ့ တွန့်ဆုတ်ဆုတ်။ ပြီးမှ စိတ်နှလုံး ဒုံးဒုံးချတဲ့ဟန်နဲ့ “ကျ​နော့်နာမည် စာကလေး”လို့ ဖြေလိုက်တယ်။ စောစောက စိတ်မရှည်သလို ဖြစ်နေတဲ့ ဆရာမလေးမျက်နှာက ပြုံးစေ့စေ့ ဖြစ်သွားတယ်။

လူနာပုံစံကိုလည်း ကြည့်ပါဦး။ မြင်းခေါင်းတံဆိပ် စွပ်ကျယ်အင်္ကျီဟောင်းဝတ်ပြီး ပုဆိုးကို ဒူးခေါင်းကျော်ရုံ ခပ်တိုတို ဝတ်ထားတယ်။ အရပ်က ခပ်ပြတ်ပြတ်၊ အသားက ညိုညိုမောင်းမောင်း။ နှုတ်ခမ်း ထူထူ၊ မျက်စိက ခပ်မှေးမှေး။ လူပုံစံက ခပ်ဖိုင့်ဖိုင့်။ သူတို့နှစ်ယောက် အမေးအဖြေလုပ်နေတဲ့ပုံကို ကြည့်ငေးရင်း ကျ​နော်လည်း ပြုံးမိသွားတယ်။

(၂)

ရဲဘော်တွေမှာက ရဲဘော်နာမည်တွေ ရှိကြတယ်။ သူတို့ စိတ်ကြိုက် ရွေးထားတဲ့ နာမည်တွေပေါ့။ တချို့နာမည်တွေက မိလည်းမိ၊ မိုက်လည်း မိုက်တယ်။ တချို့ကျ သူတို့နဲ့ မလိုက်ဖက်တဲ့ နာမည်တွေကို တမင် ရွေးထားသလိုမျိုး။ ရဲဘော်ဖြူဖွေးဆိုပြီး အသားအရောင်က ညိုမဲနေတာမျိုးလည်း ရှိတယ်။ အသေးလေးဆိုတဲ့ နာမည်ကို ယူပြီး လူကောင်က ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ်နဲ့။ ရဲဘော်စာကလေးလည်း အဲဒီလိုပဲ။ နာမည်က စာကလေးပေမယ့် လူက ဆင်ကြီးကို ဂဠုန်ချီမယ့် အရွယ်အစားနဲ့။

ရဲဘော် စာကလေးက တကယ့်ကို ချစ်ခင်ဖို့ ကောင်းတဲ့သူ။ သူတို့တပ်ရင်းတွေ တိုက်ပွဲမှာ ဒဏ်ရာတွေရပြီး ဆေးရုံလာတက်တုန်းက လူတိုင်းကို သူက ကူညီနေတာ။ လူနာတွေကို ဟိုဟိုဒီဒီ ရွှေ့တော့လည်း သူပါတယ်။ လူနာတွေရဲ့ ထိခိုက်ဒဏ်ရာတွေ သန့်ရှင်းရေးလုပ်၊ ပတ်တီးစည်းတော့လည်း သူ ဝင်ကူတယ်။

“ကျ​နော်က ဆေးတပ်သားလေ” တဲ့။ ပြီးတော့ ရယ်ကျဲကျဲနဲ့ “ဆေးတပ်သားဆိုပေမယ့် တပ်ရင်းမှာက ပါရာစီတမောတောင် ရှားနေပါပြီဗျာ”ဆိုပြီး ဆက်ပြောတယ်။

ဆေးတပ်သားပီပီ လူနာကိစ္စတွေ ပြီးစီးသည်အထိ ဝိုင်းကူလုပ်တယ်။ သူ့ခြေထောက်မှာ မိုင်းစတချို့ ထိမှန်ပေမယ့် အနာသန့်ရှင်းရေးလုပ်ပေးပြီး စားဆေးတွေပဲ ပေးထားလိုက်တယ်။

ရဲဘော်လူနာတွေအားလုံး ကုတင်ကိုယ်စီနဲ့ နေရာကျသွားပေမယ့်လည်း သူကတော့ မနားနိုင်သေးဘူး။ ရဲဘော်လူနာတွေအတွက် စားစရာတွေ ပြေးဝယ်၊ စားဖိုဆောင်ကနေ ညစာအတွက် ထမင်းပန်းကန်တွေ ပြေးယူနဲ့ သူ့မှာ အလုပ်တွေ ရှုပ်နေတုန်းပဲ။မိုးချုပ်တော့လည်း စောင်တွေ၊ ခေါင်းအုံးတွေ တထပ်ကြီးမရင်း ကျွန်တော့်ကို မြင်တော့ လှမ်းနှုတ်ဆက်တယ်။

“လူဆိုတာ အနွေးဓာတ်လိုတယ်လေ ဆရာရဲ့” တဲ့။ ကျ​နော် ပြုံးမိသွားတယ်။ ကျ​နော် သိတာပေါ့။ အဲဒါ ဆရာ ပိုင်စိုးဝေ ရဲ့ ကဗျာစာသားဆိုတာ။

(၃)

ရဲဘော် စာကလေးက စာသမားပဲ။ စာအစုံဖတ်တယ်။ အထူးသဖြင့် ကဗျာတွေ အတော်ဖတ်တဲ့ပုံပဲ။ သူ့စကားတွေထဲမှာ ကဗျာစာသားတွေ မကြာခဏ ပါလာတတ်တာကို ကြားသိနေရတော့ ကျ​နော် အဲဒီလိုပဲ ခန့်မှန်းမိတယ်။

သူ စာသမားမှန်းသိတော့ ကျ​နော့်ဆီမှာ ရှိတဲ့ စာအုပ်တွေ သူ့ကို ပေးဖတ်တယ်။ ဆရာအောင်ချိမ့်ရဲ့ ကဗျာပေါင်းချုပ်ကို မြင်တော့ ထခုန်မိမတတ် ဝမ်းသာသွားတယ်ဆိုပဲ။ စာကို ဘယ်လောက်ထိ မက်မက်စက်စက် ဖတ်သလဲဆိုရင် လူနာတွေ ပြုစုရင်းနဲ့ မောင်ထွန်းသူရဲ့ “ဒေါသမာန်”ကို ရက်ပိုင်းနဲ့ အပြီးဖတ်သွားတယ်။

“ခုမှ ဖတ်ဖူးတယ် ဆရာရယ်။ ဒီလောက် ကောင်းတဲ့ ဝတ္ထုကို”

ဖတ်ရနောက်ကျလေခြင်းဆိုတဲ့ပုံစံနဲ့ သူ့ကိုယ်သူ အားမလိုအားမရပြောတယ်။ ပြီးတော့ စာအုပ်ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဂျုတ်မိသားစုကို လှမ်းပြီး သနားနေပြန်တယ်။

“ဖတ်ရတာ ရင်ထဲကို နင့်နေရောပဲ။ တချို့နေရာတွေမှာဆို မျက်ရည်ပါ ကျတယ်” တဲ့။

စိတ်ပါလက်ပါပြောနေတဲ့ သူ့မျက်ဝန်းတွေထဲမှာ ကြေကွဲရိပ်တွေက အထင်းသား။ ပြောသာ ပြောနေရတာပါ။ ရဲဘော်စာကလေးရဲ့ ဘဝဖြတ်သန်းမှုကလည်း ဆူးခင်းလမ်းပေါ် ဖိနပ်မပါဘဲ ခရီးရှည်ကြီးတခုကို ဖြတ်လျှောက်နေရသူလိုပဲ။ အဲဒါတောင်မှ သူက တခြားဘဝတွေကို စာနာသနားဖို့ မမေ့လျော့သူ ဖြစ်နေပြန်တယ်။

(၄)

“ကျ​နော့်အနေနဲ့ တော်လှန်ရေးထဲ ပါဝင်တယ်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး။ တချို့တွေဆို အသက်တွေပါ ပေးခဲ့ကြပြီးပြီ”

ရဲဘော်စာကလေးရဲ့ မိဘနှစ်ပါးက ဒေသခံ ပီဒီအက်(ဖ်)တပ်ရင်းတွေမှာ ထမင်းချက်တဲ့သူတွေပါ..တဲ့။ သူအပါအဝင် ညီအစ်ကိုသုံးယောက်လုံးက ပီဒီအက်(ဖ်)ရဲဘော်တွေ။ အငယ်ဆုံး ညီမထွေးလေးက တပ်ရင်းလွတ်မြောက်နယ်မြေမှာ ကလေးတွေကို စာသင်ပေးနေသတဲ့။ ဆိုရရင် တမိသားစုလုံးက တော်လှန်ရေးထဲ လုံးလုံးလျားလျား ပါဝင်နေကြသူတွေပေါ့။

“အရင်ကတော့ ကျ​နော်တို့ မြို့မှာ ကားနဲ့ ဆန်စက်နဲ့ တောသူဌေးတွေပေါ့။ ခုတော့ စစ်ကြောင်းထိုးချိန် အိမ်ကို မီးရှို့သွားကြတော့ ကုန်းကောက်စရာတောင် မရှိတော့ပါဘူး”

မိသားစုအကြောင်း ပြောပြနေပေမယ့် ရဲဘော်စာကလေးက စိတ်ဓာတ်ကျနေတဲ့ပုံ မပေါက်ဘူး။ တကယ့်အရှိတရားကိုပဲ အသေအချာ လက်ခံထားပုံရတယ်။

“တကယ်တော့ ကိုယ်တွေပဲ ခက်ခဲနေတာမျိုးတော့ မဟုတ်ဘူး။ မိုးပြိုအများ ဆိုသလိုပေါ့ ဆရာ။ စိတ်ဓာတ်ကျချင်တဲ့အခါ ပိုခက်ခဲတဲ့ တခြားဘဝတွေကို လှမ်းငေးပြီး အားပြန်တင်းရတယ်”

မနှစ်က ဆောင်းဦးမှာ ညီဖြစ်သူက တိုက်ပွဲထဲ မိုင်းထိပြီး ကျဆုံးသွားတယ် ပြောတယ်။

“မိသားစုထဲ လူသေဖူးတာ ပထမဆုံး ကြုံရတော့ မရှက်နိုင်ဘူး ဆရာရေ။ ကျ​နော်တော့ ယောင်္ကျားတန်မဲ့ ငိုမိတာပါပဲ”

စိတ်လိုလက်ရ ပြောပြနေတဲ့ ရဲဘော်စာကလေးကို ကျ​နော် တွေတွေကြီး ငေးကြည့်နေမိတယ်။

“ဒီကြားထဲ အဖေကလည်း တောထဲ မှိုရှာ မျှစ်ရှာရင်း မိုင်းနင်းမိပြန်တာ။ မိသားစုက မိုင်းနဲ့ အကျိုးပေးတယ် ဆိုရမလားပဲ။ မသေတာပဲ ကံကောင်းတယ် ပြောရမှာပေါ့။ ခုတော့ ချိုင်းထောက်နဲ့ ထမင်းချက်မပျက်ဘူး”

ကြေကွဲရိပ်တွေ ဝေ့ဝဲနေဆဲ မျက်လုံးတွေထဲမှာ ခိုင်မာတဲ့ စိတ်ဓာတ်ကို မြင်နေရတယ်။ ထင်ထားတဲ့ အတိုင်းပါပဲ။ “ကျ​နော်တို့ တော်လှန်ကြမှာပဲ။ အာဏာရှင်စနစ် အမြစ်ပြတ်သွားတဲ့အထိ ကျွန်တော်တို့ တော်လှန်နေဦးမှာပဲ” တဲ့။

“မရိုမသေ ဒီမှာကြည့်ပါဦး ဆရာ”

စွပ်ကျယ်အင်္ကျီကို ပင့်မပြီး ကျ​နော့်ကို ပြတယ်။ ညာဘက်ရင်ဘတ်အောက်ခြေမှာ ခပ်ဝိုင်းဝိုင်း အမာရွတ်တခု။

“ပြီးခဲ့တဲ့ မြို့သိမ်းတိုက်ပွဲမှာ ကျည်မှန်ပြီး အဆုတ်မှာ ပိုက်ထည့်လိုက်ရတာ။ ဒဏ်ရာပျောက်သွားပေမယ့် အမာရွတ်တော့ ကျန်သွားတယ်။ ဒါပေမယ့် ကျ​နော် ကျေနပ်တယ်။ ကျ​နော့်အတွက် ဒါက တော်လှန်ရေးအမှတ်အသားပဲ”

သူက သူ့အမာရွတ်ကို ဆုတံဆိပ်တခုလို ပြတယ်။ မျက်နှာမှာလည်း ဝင့်ကြွားဟန်အပြည့်။ ပြီးတော့ သူ့စကားကို ပြန်ဆက်တယ်။

“ကျ​နော်တို့က ရပ်လိုက်လို့ မရဘူးလေ။ ကျ​နော်တို့ ဘဝတွေ ၊ အသက်တွေ အများကြီးကို ရင်းထားပြီးပြီ။ ဒီပွဲကို နိုင်တဲ့အထိ ဆက်တိုက်ရမယ်”

စာသမားမို့ စကားပြောကောင်းတယ်ဆိုတာထက် သူ့ဘဝအတွေ့အကြုံနဲ့ ခိုင်ကျည်တဲ့ စိတ်ဓာတ်ကြောင့်ပဲ ဒီလို စကားလုံးတွေ ထွက်ကျလာတယ်လို့ပဲ ကျ​နော် ယုံကြည်ပါတယ်။

“စကားကောင်းနေလိုက်တာ ဆရာရေ။ ကျ​နော့်ရဲဘော်တွေအတွက် ထမင်းဟင်းတွေ သွားယူလိုက်အုံးမယ်။ ဆရာနဲ့ တွေ့ရဆုံရတာလည်း တကယ် ဝမ်းသာတယ် ဆရာ”

ပြောရင်းဆိုရင်း ခပ်သုတ်သုတ် ထွက်သွားတဲ့ အညာသားလူငယ် ရဲဘော်စာကလေးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ကျ​နော် တယောက်ထဲ အတွေးနယ်ချဲ့နေမိတယ်။ ပြီးတော့ လူငယ်တယောက်ရဲ့ တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်မှု၊ ကိုယ်ကျိုးစွန့်ပါဝင်နေမှုတွေအပေါ် လေးစားဦးညွတ်မိတယ်။

“ကျ​နော့်အနေနဲ့ တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး”

ရဲဘော်စာကလေးရဲ့ စကားကို ပြန်ကြားယောင်မိတယ်။ သူ့ကိုယ်သူ နှိမ့်ချ ပြောဆိုနေပေမယ့် ကျ​နော်ကတော့ ရဲဘော်စာကလေးကိုပဲ ဖြစ်စေ၊ တော်လှန်ရေးထဲ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့ ရဲဘော်အားလုံးကို တော်လှန်ရေးရဲ့ မရှိမဖြစ် အရေးပါလှတဲ့ စက်ယန္တရားဖြစ်တဲ့ ခွေးသွားစိတ်လေးတွေလို တွေးမြင်ပါတယ်။

ဒီလိုနဲ့ ရဲဘော်လူနာအများစု ဆေးရုံက ဆင်းခွင့်ရချိန်မှာ သူတို့တပ်ရင်းဆီ ပြန်ကြဖို့ ဖြစ်လာတယ်။ ပြန်မယ်ဆိုတော့လည်း ရဲဘော်စာကလေးက ကျွန်တော့်ကို မမေ့မလျော့ လာနှုတ်ဆက်ရှာတယ်။

“ကျ​နော်က ဇိမ်ယူပြီး ကြာကြာမနေတတ်ဘူး ဆရာ။ ရှေ့တန်း ပြန်သွားပြီး ကျုံးလိုက်အုံးမယ်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ ဆရာ”

အားပါးတရ လက်ဆွဲနှုတ်ဆက်ပြီး လာကြိုတဲ့ ကားပေါ် ကသုတ်ကရုတ် တက်သွားတယ်။ အောင်ပွဲနဲ့အတူ ပြန်ဆုံချင်ပါတယ် ရဲဘော်ရေ။

(၅)

“Gun Shot လူနာလာလို့ ဆရာ။ သွေးပေါင်ချိန်က 40 palpable ပါရှင့်”

ည ဆယ့်တနာရီခွဲပြီးစအချိန် ပြင်ပလူနာကနေ တာဝန်ကျဆရာမက စက်နဲ့ လှမ်းပေါက်လို့ ဆေးရုံဆီ ကျွန်တော် အမြန်သွားတယ်။ လူနာခုတင်ပေါ်မှာ လူနာက အသက်ရှူနှုန်းတွေ မြန်လို့။ သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နဲ့ ဖားဖိုကြီးလို။

“NS တော့ Run ထားတယ် ဆရာ။ SPO2 လည်း ကျနေတယ်”

“ဟာ…ရဲဘော်”

ကျ​နော် ရုတ်တရက် လန့်ဖြတ်သွားခဲ့တယ်။ ခုတင်ပေါ်က ရဲဘော်စာကလေးဟာ ကျ​နော့်ကို ယဲ့ယဲ့ပြုံးပြတယ်။ သတိတော့ မလွတ်သေးဘူး။

သူ့ဗိုက်တခုလုံးကို ပတ်ပြီး စည်းနှောင်ထားတဲ့ ပတ်တီးတွေမှာ သွေးစတွေဟာ ပေကျံလို့။

“ကျည်သင့်တာက မနေ့မနက်ထဲကပဲ ဆရာ။ လူကို ထိပြီးပြီးချင်း ချက်ချင်း လွှဲပေမယ့် လမ်းဆိုးတော့ အချိန်ကြာသွားတယ်။ ကျ​နော်တို့လူကို ကယ်ပါဦး ဆရာ”

သူ့သူငယ်ချင်းရဲဘော်တွေက ဖြစ်စဥ်ကို ရှင်းပြရင်း ကျ​နော့်ကို အားကိုးတကြီး ပြောကြတယ်။ ကျ​နော် ရဲဘော်စာကလေးရဲ့ လက်တဖက်ကို တင်းတင်းဆုပ်ရင်း အသံမတုန်အောင် သတိထားပြီး အားပေးမိတယ်။

“အားတင်းထားနော် ရဲဘော်။ ခင်ဗျား ထွက်သွားလို့ မဖြစ်ဘူး”

မှိန်းမောနေတဲ့ ရဲဘော်က မျက်လုံးဖွင့်ပြီး ကျ​နော့်ကို ဖျတ်ခနဲ မော့ကြည့်တယ်။ သွေးဆုတ်ဖြူရော်နေတဲ့ သူ့မျက်နှာကို ကြည့်ပြီး ကျ​နော် ရင်တွေ ထိတ်လာတယ်။ တဒီးဒီးမြည်နေတဲ့ အောက်ဆီဂျင်စက်သံနဲ့အတူ ကျ​နော့် ရင်ခုန်သံတွေကလည်း ဆူညံပွက်ဝေလို့။

ညာဖက်ဝမ်းဗိုက်ဖက်ကနေ ဖောက်ဝင်သွားတဲ့ ကျည်ဆံဝင်ပေါက် (၃)ချက်တိတိနဲ့ သတိလစ်နေတဲ့ ရဲဘော်စာကလေးကို ဗိုက်ဖွင့်ခွဲစိတ်ဖို့ အရေးပေါ်ခွဲခန်းကို ကျ​နော်တို့ ပြင်ကြရပြီ။

(၆)

ခွဲစိတ်ဓားကို အကြိမ်ကြိမ် အလီလီ ကိုင်ခဲ့တဲ့ ကျ​နော့်လက်တွေဟာ အဲဒီနေ့မှာ သိသိသာသာ တုန်ယင်နေခဲ့တယ်။ စိတ်ကို အတည်ငြိမ်ဆုံး စုစည်းပြီး လုပ်နိုင်တာကို အကောင်းဆုံးလုပ်ဖို့ ကြိုးစားရတယ်။ မြတ်ဘုရားထံပါး ဆုတောင်းခဲလှတဲ့ ကျ​နော်ဟာ ရဲဘော်စာကလေးကို အသက်ရှင်အောင် ခွဲစိတ်ကုသဖွင့်ရဖို့ တိုးတိုးဖွဖွ ဆုတောင်းခဲ့မိတယ်။

သေနတ်ကျည်ကြောင့် အူအစိတ်အပိုင်းတချို့ ထိခိုက်ခဲ့သလို အသည်းကိုလည်း ကွဲအက်စေပြီး သွေးထွက်လွန်နေခဲ့တယ်။ စုစုပေါင်း သွေးခုနစ်လုံးတိတိ သွင်းခဲ့ရပြီး မေ့ဆေးပေးချိန် သုံးနာရီသာသာ ကြာမြင့်ပြီးချိန်မှာ ခွဲစိတ်မှုလည်း ပြီးစီးခဲ့ပါတယ်။

ခွဲစိတ်ခန်းထဲက ဆေးရုံဝန်ထမ်းအားလုံးဟာ မောပန်းရကောင်းမှန်း မသိအောင်ဘဲ အလုပ်လုပ်ခဲ့ကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေပီပီ လူနာအသက်အန္တရာယ် ကင်းဝေးပြီဆိုမှပဲ ကိုယ်စီ သက်ပြင်းသက်မ ချနိုင်ကြလေရဲ့။

ခွဲစိတ်ခုတင်ပေါ်မှာ မေ့ဆေးမပြယ်သေးတဲ့ ရဲဘော်စာကလေးရဲ့ မျက်နှာမှာ ဆေးရုံရောက်စကလို မဟုတ်ဘဲ ပန်းသွေးရောင်လွှမ်းလို့ နေပါပြီ။

လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် (၄)နာရီ (၃) မိနစ်။ လူနာလည်း စိတ်ချရပြီမို့ ကျ​နော်တို့ အနားယူဖို့ ပြင်ကြတယ်။ လူနာစောင့်ရဲဘော်တွေကို လူနာ စိတ်ချရပြီဆိုတဲ့အကြောင်း သတင်းစကားပြောရင်း တခုခုဆို တာဝန်ကျဆရာမကို ပြောဖို့ မှာရတယ်။

ဆေးရုံအနောက်ဖက် မြေနီလမ်းကလေးကနေ ဖြတ်လျှောက်ရင်း အဆောင်ဆီ ပြန်တယ်။ လပြည့်ညရဲ့ လရောင်ဟာ မြေနီလမ်းကို ထင်းထင်းရှင်းရှင်း မြင်ရတဲ့အထိ ဖြန့်ကျက်ထားဆဲ။ ဖျတ်ခနဲ တိုက်ခတ်လာတဲ့ လေပြေညှင်းထဲမှာ မွှေးမြတဲ့ ပန်းရနံ့တွေကို ခံစားမိလိုက်တယ်။

ကျ​နော်ကတော့ မနက်လင်းတဲ့အခါ “Good Morning ရဲဘော်စာကလေး”ဆိုပြီး အားပါးတရ နှုတ်ဆက်ဖို့ စိတ်စောလို့သာ နေပါတော့တယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘​​ရဲ​အောင်သူ’ ရေးဖွဲ့တဲ့ “ရဲ​ဘော်စာက​လေး” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...