◾ခွန်းနီ
အလင်းတွေလျှံကျနေတယ်လို့
အိမ်မက်တွေခဏ ခဏ မက်တယ်
တကယ်တမ်းမှာတော့
ငါတို့အိမ်မက်တွေအပေါ်
သွေးတွေပဲအန်ကျနေတာ။
တစ်ချိန်ကလမ်းမညများ
ငါလွမ်းမိတယ်
လသာသာညများ
လမိုက်မိုက်ညများ
ငါတကယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့
ညများ
အဲ့ဒီ့ညများစွာကိုလွမ်းတယ်။
အခုတော့ညတွေဟာတစ်ထပ်တည်း
တပုံစံတည်းပဲ
မပျော်ပဲငါအိပ်ခဲ့ရ
မအိပ်လည်း ငါမပျော်ခဲ့ရပါဘူး။
ဘဝရော အသက်ရော
ပြောင်းရင်းထဲထိုးထည့်လို့
သေနတ်ပြောင်းဝကိုပဲငေးနေမိတယ်
အရိပ်ဆိုးတွေမြင်ရသမျှ
ငါ့သေနတ်ကအလင်းတွေဖြာကျရအုံးမယ်။ ။

Public Service Announcement
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “ညများ” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































