ဥဂ္ဂါ ရေးသားသည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ မြို့တော် ရိယာဒ် (Riyadh) ဟာ (၃) ရက်ဆက်တိုက် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး၊ ဒီဖြစ်ရပ်ဟာ ယီမင်စစ်ပွဲက ဆော်ဒီနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာတာကိုသာမကဒေသတွင်းလုံခြုံရေး၊ လေကြောင်းပို့ဆောင်ရေးနဲ့ စီးပွားရေးအပေါ်ပါ ကြီးမားတဲ့ သက်ရောက်မှုတွေ စတင်ပေါ်ပေါက်လာပြီဆိုတာကို ပြသနေပါတယ်။
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ကတော့ ဟူသီတပ်ဖွဲ့ဟာ ရိယာဒ်ကို ဦးတည်တဲ့ ဗာလစ်စတစ်ဒုံးကျည် (Ballistic Missile) တစ်စင်းနဲ့ တောင်ပိုင်း ခါမစ်မူရှာအိတ် မြို့ကို ဦးတည်တဲ့ ဒုံးကျည်နှစ်စင်း စုစုပေါင်း သုံးစင်း ပစ်လွှတ်ခဲ့ပေမဲ့ အားလုံးကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဟူသီဘက်ကတော့ သူတို့ရဲ့ အဓိကပစ်မှတ်ဟာ ရိယာဒ်ရှိ ကင်းခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ် (King Khalid International Airport) ဖြစ်တယ်လို့ အတည်ပြု ထားပါတယ်။
ပြီးခဲ့တဲ့ (၃) ရက်အတွင်း တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ရိယာဒ်မြို့ခံတွေကလည်း လေကြောင်းအန္တရာယ် သတိပေးစာတိုတွေ ရောက်လာပြီး မကြာခင်မှာပဲ ပေါက်ကွဲသံအကြီးအကျယ်တွေ ဆက်တိုက်ကြားခဲ့ရတယ်လို့ ပြောကြပါတယ်။ လက်ရှိမှာ ကင်းခါလစ် လေဆိပ်ကို လာမယ့် စနေနေ့အထိ ပိတ်ထားရပြီးနိုင်ငံတကာ လေကြောင်းလိုင်းအများအပြားကလည်း ခရီးစဉ်တွေကို ဖျက်သိမ်းတာ၊ ဆိုင်းငံ့တာတွေ ပြုလုပ်ထားပါတယ်။

Public Service Announcement
ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီး ကတော့ ယီမင်နယ်စပ်အနီးရှိ ခါမစ်မူရှာအိတ် စစ်လေယာဉ်ကွင်းကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြောထားသလို၊ မက္ကာ (Mecca) နဲ့ မဒီနာ (Medina) ကလွဲပြီး ကျန်တဲ့ ဆော်ဒီလေဆိပ်တွေဟာ လုံခြုံမှုမရှိတော့တာကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ ခရီးသွားတွေ မသွားလာကြဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် ဆော်ဒီရဲ့ ရေနံစက်ရုံနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုလည်း ဆက်လက်ပစ်မှတ်ထားမယ်လို့ အရိပ်အမြွက်ပြသထားပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ကုလသမဂ္ဂ အသိအမှတ်ပြု ယီမင်အစိုးရတပ်ဖွဲ့တွေနဲ့ ဟူသီတွေကြား စစ်ပွဲ ပြန်လည်ပြင်းထန်လာချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြားဒေသတွင်း တင်းမာမှုတွေမြင့်တက်နေတဲ့ အခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။
ရိယာဒ်မှာ ကျင်းပနေတဲ့ စွမ်းအင်ညီလာခံအတွင်း ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား မင်းသားအဗ္ဗဒူးအာဇီးဇ် က ဒီတိုက်ခိုက်မှုတွေဟာ နိုင်ငံရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်နေတာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အိမ်ရှေ့စံမိုဟာမက်ဘင်ဆယ်လ်မန် ရဲ့ “Vision 2030” စီးပွားရေးဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ အရှိန်မလျှော့ဘဲ ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀) ကျော်အထိ ဝေးကွာတဲ့ ရိယာဒ်မြို့ဆီ ဒုံးကျည်တွေ၊ ဒရုန်းတွေ ပျံသန်းလာတာကို ဆော်ဒီအာဏာပိုင်တွေကနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ် ဘာကြောင့် ထိရောက်စွာ မတုံ့ပြန်နိုင်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။
ပဏာမ တွေ့ရှိချက်တွေအရဟူသီတွေဟာ ဒရုန်းအမြောက်အများကို အရင်လွှတ်တင်ပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အာရုံလွှဲစေကာ၊ အဲဒီနောက်မှ ခရုစ်ဒုံးကျည် နဲ့ ဗာလစ်စတစ်ဒုံးကျည်တွေကို ဆက်တိုက်ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါ့အပြင် လေထဲမှာပဲ လမ်းကြောင်းပြောင်း ပျံသန်းနိုင်တဲ့ ထိပ်ဖူးပါ ဒုံးကျည်တွေကို အသုံးပြုလာတာကြောင့် ဆော်ဒီအားကိုးအသုံးပြုနေတဲ့ ပက်ထရီယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ပိုမိုခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဟူသီတွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပေမဲ့ အမေရိကန်က တိုက်ရိုက်စစ်ရေးပါဝင်မယ်ဆိုတဲ့ သဘောမျိုးတော့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ဟူသီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် မိုဟာမက် အယ်လ်ဘူခါတီကတော့အမေရိကန်သာယီမင်စစ်ပွဲမှာ ဝင်ရောက်စွက်ဖက်လာမယ်ဆိုရင် ဒေသတွင်းအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုလျင်မြန်စွာ လက်တုံ့ပြန်သွားမယ်လို့ သတိပေး ထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဒီလအတွင်း ရိယာဒ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အရေးပါတဲ့ ပွဲစဉ်တွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။ အထူးသဖြင့် ဆော်ဒီရဲ့ အဓိက စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့်နဲ့ WPC စွမ်းအင်ကွန်ဂရက် ပွဲတွေမှာပါဝင်မယ့် ထိပ်တန်း ရေနံလုပ်ငန်းရှင်အတော်များများအစီအစဉ် ကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။
ယူအေအီး(UAE)နိုင်ငံရဲ့အီတီဟတ် လေကြောင်းလိုင်း (Etihad Airways) က တနင်္လာနေ့မှာ ရိယာဒ်ဆီ ပျံသန်းမယ့် ခရီးစဉ်အားလုံးကို လာမယ့်သီတင်းပတ်အထိ ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သလို၊ ဒါမမ် (Dammam) နဲ့ ဂျစ်ဒါ (Jeddah) မြို့တွေဆီ ပျံသန်းမှုကိုလည်းဆိုင်းငံ့လိုက်ပါတယ်။ဘာရိန်းနိုင်ငံရဲ့ဂရပ်ဖ်အေး(Gulf Air)လေကြောင်းလိုင်းကလည်း ရိယာဒ်ခရီးစဉ်အားလုံးကို စနေနေ့အထိ ဖျက်သိမ်းကြောင်း ပြောပါတယ်။
အမေရိကန် လေကြောင်းလိုင်း ဒယ်လ်တာ (Delta) ကလည်း အတ္တလန်တာမှ ရိယာဒ်ဆီ အောက်တိုဘာ ၂၃ ရက်နေ့မှာ စတင်ပြေးဆွဲဖို့ စီစဉ်ထားတဲ့တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေဟာ ယီမင်စစ်ပွဲရဲ့အကျိုးဆက် နယ်စပ်ကို ကျော်လွန်လာနေပြီဆိုတာကို ထင်ရှားစွာ ပြသနေသလို၊ ဆော်ဒီရဲ့ လုံခြုံရေးစနစ်၊ ဒသတွင်း စီးပွားရေးနဲ့ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွေဟာလည်း ပိုမိုကြီးမားတဲ့ ဖိအားတွေအောက်ကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။
ကိုးကား – Al Jazeera, AP, AFP



















































