Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

မြို့ပြမိခင်

မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။

အေးခိုင်ဦး ရေးသားသည်။

မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။

သားက အလုပ်သွားဖို့ အိမ်ကထွက်သွားတဲ့အချိန်မှာ “သတိထားသွားနော်” ဆိုတဲ့စကားကို အရင်ကလည်း မိခင်တိုင်း ပြောတတ်ကြပါတယ်။ အခုတော့ အဲဒီစကားမှာ အဓိပ္ပာယ်တွေက အများကြီးနဲ့ လေးနက်မှုများစွာနဲ့ ပါ။

“လမ်းမှာ သတိထား။

Public Service Announcement

Public Service Announcement

ဖုန်းကိုင်ထား။

ဘယ်နေရာရောက်ရောက် ပြော။

ညနက်အောင် မနေဘဲ ပြန်လာ။”

သားက တံခါးပိတ်ပြီး လမ်းပေါ်ဆင်းသွားတဲ့အချိန်ကစပြီး မိခင်ရဲ့စိတ်က အိမ်မှာမနေတော့ဘူး။ သားနောက်ကို လိုက်သွားပြီ။

လမ်းမကြီးပေါ်မှာလား။ ဘတ်စ်ကားပေါ်မှာလား။အလုပ်ခွင်ထဲမှာလား။ တခုခုကြောင့် အစစ်ဆေးခံ‌နေရပြီလား။ မိခင်တစ်ယောက်ရဲ့ စိတ်က သားနဲ့အတူ အဲဒီနေရာတိုင်းကို လိုက်နေတယ်။

အရင်ကမြို့ပြဘဝဆိုတာအလုပ်သွား၊အလုပ်

ပြန်၊ ဈေးဝယ်၊ မိတ်ဆွေတွေနဲ့တွေ့၊အိမ်ပြန်

လာတဲ့ သာမန်ဘဝတစ်ခုပါ။ အခုတော့ “အိမ်ပြန်လာခြင်း”ကိုယ်တိုင်ကမိခင်တစ်ယောက်အတွက် ဆုတောင်းရတဲ့အရာဖြစ်လာပါတယ်။

ဖုန်းမြည်သံတစ်ချက်ဟာ အရင်က သာမန်အသံတစ်ခုပါ။ အခုတော့ မိခင်တွေက ဖုန်းမြည်တိုင်း ရင်ခုန်ကြတယ်။

“သားလား…”

မဟုတ်ဘူး။

တခြားသူတစ်ယောက်။

နောက်တစ်ကြိမ် ဖုန်းမြည်တယ်။

လက်ထဲကအလုပ်ကို ချထားပြီး ဖုန်းကို

အမြန်ကောက်လိုက်တယ်။

“သား…” အသံကြားရမှ အသက်ပြန်ရှူနိုင်တယ်။ “အမေ၊ အလုပ်ပြီးပြီ။ ပြန်လာနေပြီ…”

အဲဒီစကားလေးတစ်ခွန်းဟာ ဒီခေတ်မှာ မိခင်တစ်ယောက်အတွက် ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သားတွေ သိနိုင်ကြပါ့မလား။

အပြင်ထွက်ရင်လည်း စိုးရိမ်ရတယ်။ အိမ်ထဲမှာနေရင်လည်း စိတ်မချရဘူး။ တံခါးအပြင်က အသံတစ်သံ၊ ကားတစ်စီးရပ်သံ၊ အိမ်ရှေ့မှာ လူစကားပြောသံတစ်ခုကအစ မိခင်တစ်ယောက်ရဲ့ ရင်ကို လှုပ်ခတ်စေတတ်တယ်။

“ဘယ်သူတွေလဲ…”

“ဘာဖြစ်လို့လဲ…”

“သားအကြောင်းလား

” သားကို လာခေါ်ကြတာလား…”

ဆိုတဲ့အတွေးတွေက အလိုလိုဝင်လာတတ်တယ်။

တချို့မိခင်တွေက သားတွေ အိမ်မှာမရှိတဲ့အချိန် တံခါးခေါက်သံကြားရင် မျက်နှာပျက်သွားကြရပြီ။ တချို့က သားအလုပ်သွားပြီး နာရီပေါင်းများစွာကြာတဲ့အထိ ဖုန်းကို လက်ကမချနိုင်ကြဘူး။

တချို့ကတော့ သားပြန်လာတဲ့အထိထမင်းမစားနိုင်ကြဘူး။ဒါဟာ ကြောက်ရွံ့မှုတစ်ခုတည်း မဟုတ်ဘူး။ မသေချာမှုမှာ နေ့စဉ်အသက်ရှင်နေရခြင်းပါ။

လူငယ်တွေကလည်း မလွယ်ပါဘူး။ သူတို့မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်။ အိမ်စရိတ်၊ မိဘစရိတ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ကျောင်းစရိတ်တွေ ရှိတယ်။ အလုပ်မသွားရင် ဝမ်းရေးက အခက်အခဲဖြစ်မယ်။ အလုပ်သွားရင်လည်း လမ်းခရီးက စိုးရိမ်စရာဖြစ်တယ်။တစ်ဖက်မှာ အနာဂတ်အတွက် စိတ်ပူရတယ်။ တစ်ဖက်မှာ ဒီနေ့အတွက်ပဲ ရှင်သန်ရတယ်။ လူငယ်တစ်ယောက်အတွက် “ဘယ်မှာအလုပ်လုပ်ရမလဲ” ဆိုတာထက် “ဘယ်လိုလုံခြုံအောင် အလုပ်သွားရမလဲ” ဆိုတာက ပိုကြီးမားတဲ့အ‌ခြေအနေတခုပါပဲ ။

တချို့လူငယ်တွေက အခွင့်အရေးရတာနဲ့ နိုင်

ငံခြားထွက်သွားကြတယ်။တချို့က တရား

ဝင် လမ်းကြောင်းနဲ့ ထွက်ကြတယ်။ တချို့ကတော့ အန္တရာယ်တွေကြားကနေ ထွက်ခွာဖို့ ကြိုးစားကြတယ်။

သားသမီးတွေ နိုင်ငံခြားရောက်သွားရင် မိခင်တွေ စိတ်ချသွားကြမယ်ထင်ရပေမယ့် တ

ကယ်တော့ အဲဒီစိတ်ပူမှုက ပုံစံပြောင်းသွားတာပါပဲ။ “အဲဒီမှာ အလုပ်ရပါ့မလား။” “နေစရာအဆင်ပြေပါ့မလား။” “ဖျားနာရင် ဘယ်သူကြည့်ပေးမလဲ။” “တစ်ယောက်တည်း ဘယ်လိုနေမလဲ။” “အဲဒီမှာရော တရားမဝင် နေထိုင်တာကြောင့် ဘယ်နေ့ အဖမ်းခံရမလဲ” အမေဆိုတာ သားသမီးအနားမှာရှိရင်လည်း ပူတယ်။ အဝေးမှာရှိရင်လည်း ပူတယ်။ သားသမီးဘယ်နေရာရောက်ရောက် မိခင်ရဲ့စိတ်က သူတို့နောက်မှာ အမြဲရှိနေတာပါ။

မြို့ပြမိခင်တွေမှာ အိပ်မက်ကြီးကြီးမားမား

မရှိတော့ဘူး။ အရင်ကလို သားက ဘွဲ့ရပြီး အလုပ်ကောင်းကောင်းရပါစေဆိုတဲ့ အိပ်မက်တွေက တဖြည်းဖြည်းပျောက်သွားပြီ။ နိုင်ငံခြားမှာအောင်မြင်ပါစေဆိုတာလည်းမရှိ‌တော့ဘူး။ အခုတော့ ဆန္ဒက အရမ်းရိုးရှင်းသွားပါပြီ။ သား အိမ်ပြန်ရောက်ပါစေ။ ဒီနေ့ အန္တရာယ်ကင်းပါစေ။ မနက်ဖြန်လည်း အန္တရာယ်ကင်းပါစေ။ နောက်နေ့လည်း အန္တရာယ်ကင်းပါစေ။

ဒီလိုနဲ့ နေ့တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းလာကြတယ်။ တစ်ခါတလေ သားက အိမ်တံခါးဖွင့်ပြီး ဝင်လာတဲ့အခါ မှာ ဘာမှ ကြီးကြီးမားမားစကားမပြောနိုင်ဘူး။ “ပြန်လာပြီလား” လို့ပဲ ပြောနိုင်‌တော့တယ်။ ဒါပေမယ့် အဲဒီစကားရဲ့နောက်ကွယ်မှာ “အသက်ရှင်လျက် ပြန်လာတာ ကျေးဇူးတင်ပါတယ်သားရယ်” ဆိုတဲ့စကားတွေ ထောင်ပေါင်းများစွာ ရှိနေတတ်တာပါ။

သားကတော့ ပင်ပန်းလို့ ဖုန်းကိုချ၊ ထမင်းစားပြီး အိပ်ရာဝင်သွားပြီ။ မိခင်ကတော့ သားအိပ်နေတဲ့မျက်နှာကို ခဏကြည့်ပြီးမှ အခန်းထဲက ပြန်ထွက်လာတယ်။ တံခါးကို သေချာပိတ်တယ်။ နောက်တစ်နေ့အတွက် စိတ်ပူမှုဟာ ရင်ထဲမှာ။ မနက်ဖြန်လည်း သားအလုပ်သွားရဦးမယ် မနက်ဖြန်လည်း အမေက တံ

ခါးဝမှာ ရပ်ပြီး “သတိထားသွားနော်…” လို့ ပြောရဦးမယ်။

ဒီနေ့ မြို့ပြမှာ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းဟာ စောင့်မျှော်ခြင်းဖြစ်လာတာပါ။ ဖုန်းကို စောင့်တယ်။ တံခါးဖွင့်သံကို စောင့်တယ်။ ခြေလှမ်းသံကို စောင့်တယ်။ သားရဲ့ “အမေ” ဆိုတဲ့အသံကို စောင့်တယ်။ပြီးတော့ အသက်ရှင်လျက် အိမ်ပြန်လာမယ့် သားကို စောင့်တယ်။

ဒါဟာ မြို့ပြမိခင်တစ်ယောက်ရဲ့ ဘဝပါ။ စစ်ပွဲတွေကြားမှာ သူမဟာ လက်နက်မကိုင်ထားပါဘူး။ နိုင်ငံရေးအာဏာလည်း မရှိပါဘူး။ မကျေနပ်မှုတွေ၊ မခံချင်စိတ်တွေထဲကနေ သူမမှာ ရှိနေတာ သားသမီးအတွက် ပူပန်တတ်တဲ့ မိခင်နှလုံးသားပါ။ပြီး‌ တော့ “ဒီနေ့လည်း ဘေးကင်းပါစေ” ဆိုတဲ့ ဆုတောင်းတစ်ခုပဲ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ဒီကနေ့မှာ ကျ‌ရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့​ရတဲ့ ရဲဘော်အချို့ရဲ့ ဗိမာန်တွေဆီ သွားပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိဘတွေကိုလည်း သွားရောက်ကန်​တော့ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

ကလေးတွေ ကျူးလွန်မိတဲ့ အပြစ်က ကြီးရင် ကြီးသလို၊ ရာဇဝတ်မှု မြောက်ရင် မြောက်သလို မိဘနဲ့ အုပ်ထိန်းသူတွေရဲ့ ပြစ်ဒဏ်ကလည်း ကြီးလာနိုင်ပါတယ်။ တရုတ်ရဲ့ အမျိုးသား လွှတ်တော်က အာဏာရ ကွန်မြူနစ် ပါတီ တင်သွင်းတဲ့ ဥပဒေတိုင်းကို တံဆိပ်တုံးထု အတည်ပြုပေးရုံ အဆင့်သာ ဖြစ်တာကြောင့်...

News

ကျားပေါက်သည် ယမန်နေ့(​အောက်တိုဘာ၁၇)က သူ၏ Ukulele(ကြိုးလေးချောင်းတပ် ဂစ်တာငယ်)ကို တော်လှန်ရေးအတွက်လေလံတင်ခဲ့ပြီး ညပိုင်းလေလံပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ ၂၇,၅၀ဝ ကမ္ဘာ့ကြေးအမြင့်ဆုံးဖြင့် အမျိုးသားတစ်ဦးက လေလံအောင်ကာ ဝယ်ယူသွားသည်။

Facebook